စက်သုံးဆီ ချွေတာရန် ရန်ကုန်မြို့ရှိ နယ်သာလန်သံရုံး ဒုတိယသံရုံးအကြီးအကဲ စက်ဘီးစီးပြီး ရုံးတက်

စက်သုံးဆီ ချွေတာရန် ရန်ကုန်မြို့ရှိ နယ်သာလန်သံရုံး ဒုတိယသံရုံးအကြီးအကဲ စက်ဘီးစီးပြီး ရုံးတက်နေသည်ဟု ရန်ကုန်မြို့ရှိ နယ်သာလန်သံရုံးက သတင်းထုတ်ပြန်သည်။

“ကျွန်တော် မြန်မာနိုင်ငံရောက်ကတည်းက စက်ဘီးစီးဖို့ စဥ်းစားခဲ့ပါတယ်။ နေပူတာရယ်၊ ဘေးကင်းပါ့မလားလို့ မေးခွန်းထုတ်မိတာရယ်၊ အစည်းအဝေးတွေသွားဖို့ ကုတ်အင်္ကျီ ဝတ်ဖို့ လိုတာတွေရယ်ကြောင့် စက်ဘီးမစီး ဖြစ်ခဲ့ဘူး။ ဒါပေမယ့် စက်သုံးဆီ အကျပ်အတည်းကြောင့် ဖြင်ပေါ်လာရတဲ့ အခက်အခဲတွေကို မြင်ရတဲ့အခါ ကျွန်တော်လည်း တစ်ခုခုတော့ လုပ်ပေးချင်ခဲ့မိတယ် ” ဟု နယ်သာလန်သံရုံးရဲ့ ဒုတိယ သံရုံး အကြီးအကဲ မစ္စတာ ၀င်းမ် ‌ဗန်ဒွေါန်က ပြောကြားသည်။

နယ်သာလန်နိုင်ငံတွင် စက်ဘီးစီးပြီးရုံးတက်ခြင်းမှာ ပုံမှန်အနေအထားတစ်ခုဖြစ်ပြီး ရန်ကုန်မြို့တွင် စက်ဘီးစီးရသည့်အခြေအနေကိုလည်း ဒုတိယသံရုံးအကြီးအကဲက ပြောကြားသည်။

“ကျွန်တော် မြန်မာနိုင်ငံ မလာခင်တုန်းက နေ့တိုင်း ရုံးကို စက်ဘီးစီး သွားတယ်။ မိုးပဲ ရွာရွာ နှင်းပဲ ကျကျ ကျွန်တော်က ရေလုံတဲ့ ဝတ်စုံ ဝတ်ပြီး စက်ဘီးစီး ရုံးတက်တယ်။ မြန်မာနိုင်ငံမှာတော့ စက်ဘီးစီး ရုံးတက်နိုင်ဖို့ တခြားနည်းတွေကို သုံးဖို့ လိုပြန်ပါတယ်။ ဒီမှာက စက်ဘီးနင်းသူတွေအတွက် သီးသန့် သတ်မှတ်ပေး ထားတဲ့ လမ်းမရှိတော့ ကားကြပ်တဲ့ လမ်းမကြီးတွေကို ရှောင်ဖို့ လမ်းသွယ်လေးတွေကို သုံးရတယ်။ အိမ်ကနေ စောစောထွက်ရတယ်။ အားကစား ဝတ်စုံဝတ်ရတယ်။ ရုံးမှာ ရေချိုးလို့ ရတော့ ကံကောင်းတယ်။ ရုံးကလူတွေ မရောက်ခင် ကျွန်တော် ရေမိုးချိုး၊ အဝတ်အစားလဲ ကုတ်အင်္ကျီ ဝတ်ပြီး အလုပ်လုပ်ဖို့ အဆင်သင့် ဖြစ်နေပြီ” ဟု ၎င်း ကပြောကြားသည်။

လက်ရှိတွင် တစ်ရက်လျှင် ၂၅ မိနစ်ခန့် စက်ဘီးစီးနေပြီး ယင်းသို့လုပ်ဆောင်ခြင်းကြောင့် လူအများအပြားနှင့် ထိတွေ့ခွင့်ရသည်ဟု ၎င်းကပြောကြား သည်။

” စက်ဘီးစီးတာ စက်သုံးဆီ ချွေတာရာလည်း ရောက်တယ်။ ဆီမရမှာလည်း သိပ်မပူရဘူး။ ငွေကုန်လည်း သက်သာသလို ပတ်ဝန်းကျင်ကိုလည်း မထိခိုက်ဘူး။ နောက်ပြီး လမ်းပေါ်က လူတွေရဲ့ နေ့စဥ် ဘဝတွေကိုလည်း ပိုမြင်တွေ့ခွင့် ရတယ်။ ကျန်းမာရေးအတွက်လည်း ကောင်းတယ်။ ၂၅ မိနစ်လောက် စက်ဘီးစီးတာက ကျွန်တော့်အတွက် နေ့စဥ်လေ့ကျင့်ခန်း တစ်ခု ဖြစ်နေပြီ။ကျွန်တော်လုပ်ပေးနိုင်တာလေးက မပြောပလောက်ဘူး ဆိုပေမယ့် စက်သုံးဆီ အခက်အခဲကြောင့် ရုန်းကန်နေရတဲ့ လူတွေနဲ့အတူ ရှိတယ် ဆိုတာ ပြသနိုင်တယ်လို့တော့ ကျွန်တော် ယုံတယ်။ စက်သုံးဆီ အသုံး လျှော့ချဖို့ လုပ်ဆောင်ချက်လေးတွေ များလာရင် အကျိုးသက်ရောက်မှုကြီး ဖြစ်လာမှာပါ” လို့ ဝင်းမ်က ပြောကြားသည်။

ဖေဖော်ဝါရီ လကုန်ပိုင်းက စပြီး မြန်မာနိုင်ငံမှာ စက်သုံးဆီတွေ စျေးတက်ပြီး လူအများစုမှာ ကားဆီဖြည့်ရန်၊ ကောက်ပဲ သီးနှံ ရိတ်သိမ်းရန်နှင့် ထွက်ကုန်များကို စျေးအရောက် ပို့ဖို့ သယ်ယူပို့ဆောင်ရေးအတွက် ဆီဝယ်ဖြည့်နိုင်ရန် ရုန်းကန်နေသည်ဟု ရန်ကုန်မြို့ရှိ နယ်သာလန်သံရုံးက ရေးသားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *