၂၄ နာရီပတ်လုံး ကမ္ဘာ့သတင်းများကို ထုတ်လွှင့်သည့် CNN သတင်းဌာနကို စတင်တည်ထောင်သူ တက်ဒ်တာနာ အသက် ၈၇ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်သည်။
တာနာသည် ဘ၀၏နောက်ဆုံးနှစ်များတွင် စိတ်ကျန်းမာရေးချို့ယွင်းမှု ခံစားခဲ့ရပြီး မေ ၆ ရက်က မိသားစုဝင်များခြံရံလျက် ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ကြောင်း ၎င်း၏ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲသည့်ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။
အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းယိုးပြည်နယ်တွင် မွေးဖွားခဲ့သူ တာနာသည် ဖခင်ဖြစ်သူ၏ ကြော်ငြာလုပ်ငန်းကို ဆက်ခံခဲ့ပြီးနောက် ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြိုတွင် ရုပ်သံလိုင်းတစ်ခုကို ဝယ်ယူကာ ရုပ်သံထုတ်လွှင့်မှုလောကသို့ စတင်ခြေချခဲ့သည်။
၎င်းသည် ၁၉၈၀ ခုနှစ်၊ ဇွန် ၁ ရက်တွင် အမေရိကန်နှင့် တစ်ကမ္ဘာလုံးဆိုင်ရာ သတင်းများကို ၂၄ နာရီပတ်လုံး အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပေးမည့် CNN သတင်းဌာနကို စတင်ထူထောင်ခဲ့သည်။
၁၉၉၁ ခုနှစ် ပင်လယ်ကွေ့စစ်ပွဲ ဖြစ်ပွားချိန် CNN သတင်းထောက်များသည် အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့၌ ရှိနေခဲ့ပြီး စစ်ပွဲအခြေအနေများကို တိုက်ရိုက်ထုတ်လွှင့် တင်ဆက်နိုင်ခဲ့သည်။မီဒီယာလုပ်ငန်းများအပြင် တာနာသည် ပရော်ဖက်ရှင်နယ် ဘတ်စကက်ဘောနှင့် ဘေ့စ်ဘောအသင်းများလည်း ပိုင်ဆိုင်ခဲ့ပြီး ခမ်းနားထည်ဝါသည့် လူနေမှုပုံစံရှိသူ ၊ ပွင့်လင်းစွာပြောဆိုတတ်သူအဖြစ် လူသိများသည်။
မီဒီယာလောက၏ ရှေ့တန်းမှ အနားယူခဲ့ပြီးနောက် ၎င်းသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် နျူကလီးယားလက်နက်များ ဖျက်သိမ်းရေးဆိုင်ရာ လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သည်။
တာနာသည် အိမ်ထောင်သုံးဆက်ရှိခဲ့ပြီး သားသမီးငါးဦး ထွန်းကားခဲ့သည်။ နောက်ဆုံးအိမ်ထောင်က အမေရိကန်ရုပ်ရှင်မင်းသမီး ဂျိန်းဖွန်ဒါဖြစ်ပြီး ၁၉၉၁ ခုနှစ်တွင် လက်ထပ်ကာ ဆယ်စုနှစ်တစ်ခုခန့် ပေါင်းသင်းခဲ့ပြီးနောက် ၂၀၀၁ ခုနှစ်တွင် ကွာရှင်းခဲ့သည်။ ဂျိန်းဖွန်ဒါနှင့် သားသမီးမရခဲ့ပေ။
