မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် အိန္ဒိယရေတပ်ဦးစီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် အိန္ဒိယရေတပ်မှ စစ်ရေယာဉ်နှစ်စင်းသည် မေ ၆ ရက်တွင် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
မြန်မာနိုင်ငံတော်သို့ ရောက်ရှိနေသည့် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့(မေ ၆ ရက်)နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အိန္ဒိယရေတပ်ဦးစီးချုပ် ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ရောက်ရှိစဉ်အတွင်း မေ ၂ ရက်တွင် သန်လျင်တပ်နယ်ရှိ နယ်မြေခံရေတပ်
ကွပ်ကဲမှုဌာနချုပ်သို့ရောက်ရှိရာ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်ပြီး ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် သန်လျင်တပ်နယ်ရှိ နယ်မြေခံရေတပ်လေ့ကျင့်ရေးဌာနချုပ်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ထို့နောက် အဆိုပါရေတပ်လေ့ကျင့်ရေးဌာနချုပ်ရှိ Small Arm Simulator အား အိန္ဒိယရေတပ်ဦးစီးချုပ်က ဖွင့်လှစ်ပေးပြီး သမိုင်းဝင်စစ်ရေယာဉ် (မေယု) သို့ သွားရောက်ကြည့်ရှုလေ့လာကြကာ အမှတ်တရသစ်ပင်စိုက်ပျိုးခြင်း၊ မေ ၃ ရက်တွင် အိန္ဒိယရေတပ်ဦးစီးချုပ် ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် အင်းလေးဒေသရှိ ဖောင်တော်ဦးဘုရားသို့ သွားရောက်ဖူးမြော်လေ့လာခြင်း၊ ရိုးရာယက်ကန်းရက်လုပ်နေမှုများအားလေ့လာခြင်းနှင့် အင်းလေးကန်၌ လှည့်လည်ကြည့်ရှုလေ့လာခြင်းတို့ ဆောင်ရွက်ကြပြီး နေပြည်တော်သို့ ရောက်ရှိကာ နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။
ထို့နောက် မေ ၄ ရက်တွင် အိန္ဒိယရေတပ်ဦးစီးချုပ်ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် သူရဲကောင်းဗိမာန်(နေပြည်တော်)သို့ သွားရောက်၍ ဂုဏ်ပြုပန်းခြင်းချ အလေးပြုခဲ့ကြောင်း သိရသည်။
ယင်းနောက် ဘုရင့်နောင်ရိပ်သာ၌ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် တွေ့ဆုံ၍ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီးနောက် နှစ်ဖက်အပြန်အလှန်မိတ်ဆက်ခဲ့ပြီး နှစ်နိုင်ငံရေတပ်ဦးစီးချုပ်များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အိန္ဒိယရေတပ်ဦးစီးချုပ်ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် တပ်မတော်စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာပြီး မေ ၄ ရက်ညပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထို့အတူ မေ ၅ ရက် ညပိုင်းတွင် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM သည် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့်အတူ ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း၊ MITT တံတား၌ ဆိုက်ကပ်ထားသည့် အိန္ဒိယစစ်ရေယာဉ် INS Satpura (F-48) ပေါ်၌ ကျင်းပသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ပြီးအဆိုပါညစာစားပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr.Abhay Thakur ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယကြည်းတပ်စစ်သံမှူး Colonel Jaswinder Singh Gill ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ်စစ်သံမှူး Captain Manoj Kumar Pandey နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါညစာစားပွဲတွင် ဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးသည် စစ်ရေယာဉ် INS Satpura (F-48) ပေါ်သို့ ရောက်ရှိလာရာ စစ်ရေယာဉ်တာဝန်ကျတပ်ဖွဲ့က ကြိုဆိုအလေးပြုပြီး မြန်မာနိုင်ငံတော်သီချင်းနှင့် အိန္ဒိယနိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးကာ စစ်ရေယာဉ်ပေါ်မှ အရာရှိ၊ စစ်သည်များက အိန္ဒိယယဉ်ကျေးမှုရိုးရာ အဆိုအကများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ အိန္ဒိယရေတပ်ဦးစီးချုပ်နှင့် အိန္ဒိယသံအမတ်ကြီးတို့က နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားကာ အိန္ဒိယရေတပ်ဦးစီးချုပ်နှင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) တို့သည် အထိမ်းအမှတ်ပစ္စည်းများ အပြန်အလှန်လဲလှယ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS Satpura(F-48) နှင့် INS Sunayna(P-57)တို့သည် ယနေ့(မေ ၆ ရက်)ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားမှပြန်လည်ထွက်ခွာရာ တပ်မတော် (ရေ) မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ရေယာဉ်များတွင် လိုက်ပါလာသည့်အရာရှိ၊ စစ်သည်များသည် မေ ၄ ရက်မှ မေ ၆ ရက်အထိခရီးစဉ်ကာလအတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီး လည်ပတ်ခြင်းနှင့် နှစ်နိုင်ငံရေတပ်ချစ်ကြည်ရေးအားကစားပြိုင်ပွဲ ယှဉ်ပြိုင်ကစားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
