ဒီဇယ်ဆီ HSD (500 ppm)နှင့် ဓာတ်မြေဩဇာများ တင်သွင်းမှုအပေါ် ကောက်ခံသည့် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကင်းလွတ်ခွင့်ကို တစ်လ ထပ်မံတိုးမြှင့်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ထုတ်ပြန်သည်။
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်း မြင့်တက်နေခြင်း ကြောင့် စက်သုံးဆီ (ဒီဇယ်ဆီ) အသုံးပြုမောင်းနှင်ရသည့် မော်တော်ယာဉ်များဖြင့် သယ်ဆောင် အသုံးပြုလျက်ရှိသည့် အခြေခံစားသောက်ကုန်၊ ကုန်စည်ဈေးနှုန်းများကို ထိန်းညှိပေးရန် လိုအပ် လျက်ရှိသည့်အတွက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေဖြင့် ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုအပေါ် ကောက်ခံသော အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် (၂%) တို့ကို ဧပြီ ၁ ရက်မှ ၃၀ ရက်အထိကင်းလွတ်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ဧပြီ ၂ ရက်တွင် နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ ယင်းအခွန်ကင်းလွတ်ခွင့်ကာလကို မေ ၁ ရက်မှ ၃၁ ရက်အထိ ထပ်မံ၍တိုးမြှင့်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ အခွန်ကင်းလွတ်ခွင့်သည် မေ ၃၁ ရက်အထိ အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID) ဖွင့်လှစ်၍ တင်သွင်းသည့် ဒီဇယ်ဆီ HSD (500 ppm) အပေါ် အကျုံးဝင်စေမည် ဖြစ်ကြောင်း သိရသည်။
အလားတူ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်စေရန်နှင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ်များ လျော့ကျနိုင်စေရန်တို့အတွက် ဓာတ်မြေဩဇာများ တင်သွင်းမှုအပေါ် ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် ၂ % ကို ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း ဧပြီ ၂ ရက်တွင် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ကြောင်း၊ ယင်းအခွန်ကင်းလွတ်ခွင့်ကို မေ ၁ ရက်မှ ၃၁ ရက်အထိ ထပ်မံ၍ တိုးမြှင့်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ အခွန်ကင်းလွတ်ခွင့်သည် မေ ၃၁ ရက်အထိ အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID) ဖွင့်လှစ်၍ တင်သွင်းသည့် ဓာတ်မြေဩဇာများအပေါ်အကျုံးဝင်စေမည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ထုတ်ပြန်သည်။
