န္တလေး- မတ္တရာ- မြစ်ကြီးနား ဆက်သွယ်ရေး လမ်းကြောင်းအား တပ်မတော်စစ်ကြောင်းများက ယနေ့(မေ ၆ ရက်)တွင် အပြည့်အဝထိန်းချုပ်နိုင်ပြီဖြစ်သဖြင့် လမ်းပိုင်းတစ်ခုလုံးအား ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါဆက်သွယ်ရေးလမ်းကြောင်းအား ပြန် လည်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့်အုပ်ချုပ်ထောက်ပံ့မှုများဆောင်ရွက်ပြီး စနစ်တကျ စုဖွဲ့ပြင်ဆင်၍ PDF များယာယီစိုးမိုးထားသည့် မြို့၊ ရွာများအား တစ်ဆင့်ပြီးတစ်ဆင့် ပြန်လည်တိုက်ခိုက်ထိန်းချုပ် သိမ်းပိုက်ခဲ့ရာ သပိတ်ကျင်းမြို့နှင့် ၎င်းဒေသတစ်ဝိုက်အား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၃ ရက်တွင်လည်းကောင်း၊ မတ္တရာမြို့၏ အရှေ့ဘက်ရှိ ဖယောင်းတောင် သတ္တုတွင်းဒေသအား ဩဂုတ် ၂၄ ရက်နှင့် အယ်လ်ဖာဘိလပ်မြေစက်ရုံအား ဩဂုတ် ၂၈ ရက်တွင် လည်းကောင်း၊ ဆည်တော်ကြီး ဒေသအား နိုဝင်ဘာလ ၇ ရက်တွင်လည်းကောင်း၊ စဉ့်ကူး ဒေသအား ဒီဇင်ဘာ ၁၉ ရက်တွင် လည်းကောင်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မန္တလေး-မတ္တရာ- စဉ့်ကူး- သပိတ်ကျင်း ဆက်သွယ်ရေးလမ်းပိုင်းအား လည်းကောင်း၊ တကောင်းမြို့အား ၂၀၂၆ ခုနှစ် မတ် ၁၂ ရက်တွင် ပြန်လည်ထိန်းချုပ်ခဲ့ပြီး မန္တလေး- မတ္တရာ-သပိတ်ကျင်း- တကောင်း လမ်းပိုင်းအား လည်းကောင်း၊ တကောင်း- ထီးချိုင့် လမ်းကြောင်းအား မတ် ၂၅ ရက်တွင်လည်းကောင်း၊ ထီးချိုင့်- ကသာ လမ်းကြောင်းအား ဧပြီ ၁၆ ရက်တွင် လည်းကောင်း၊ အင်းတော်မြို့အား ဧပြီ ၃၀ ရက် တွင် လည်းကောင်း ပြန်လည်ထိန်းချုပ်ခဲ့ပြီးမန္တလေးမြို့မှ အင်းတော်မြို့အထိ ဆက်သွယ်ရေးလမ်းကြောင်းအား လည်းကောင်း ပြန်လည်တိုက်ခိုက်ထိန်းချုပ်ခဲ့ကာ မေ ၅ ရက်တွင် မော်လူးမြို့အား ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီး ယနေ့(မေ ၆ ရက်)တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာ၌ နယ်မြေလုံခြုံရေးဆောင်ရွက် နေသည့် တပ်မတော်စစ်ကြောင်းများနှင့် ပြန်လည်ချိတ်ဆက် ပူးပေါင်း၍ နယ်မြေလုံခြုံရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့သည့်အတွက် မန္တလေး-မတ္တရာ-သပိတ်ကျင်း- တကောင်း-ထီးချိုင့်- ကသာ- အင်းတော်- မော်လူး- နန့်စီးအောင်- မိုးညှင်း- မိုးကောင်း- မြစ်ကြီးနား ဆက်သွယ်ရေး လမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ရာ ခရီးသွားမော်တော် ယာဉ်များနှင့် ကုန်စည်ပို့ဆောင်သည့်မော်တော်ယာဉ်များ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါဆက်သွယ်ရေးလမ်းကြောင်း တစ် လျှောက် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြန်လည်တိုက်ခိုက်ထိန်းချုပ်သိမ်းပိုက်ခဲ့ရာတွင် စစ်ဆင်ရေးကာလ ၁ နှစ်နှင့် ၃ လကျော် ကြာမြင့်ခဲ့ပြီး သောင်းကျန်း သူများနှင့် တိုက်ပွဲကြီး/ တိုက်ပွဲငယ် ထိတွေ့မှုစုစုပေါင်း ၃၂၂ ကြိမ် ဖြစ်ပွားခဲ့ကာ ရန်သူ့ထံမှ အလောင်း ၁၃၈ လောင်း၊ လက်နက်မျိုးစုံ ၃၃၂ လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရကြောင်း တပ်မတော်၏ ထုတ်ပြန်မှုအရ သိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါဒေသများအတွင်း လိုအပ်သည့် နယ်မြေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ကာ သောင်းကျန်းသူများ ဖျက်ဆီးခဲ့သည့် ဌာနဆိုင်ရာအဆောက်အအုံများ၊ ဒေသခံပြည်သူများ၏ နေအိမ်အဆောက်အအုံများနှင့် စာသင်ကျောင်းများနှင့် လမ်းတံတားများအား ပြန်လည်ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်း များကိုသက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
