အီရန်စစ်ပွဲနှင့်ပတ်သက်၍ကွန်ဂရက်ဆိုင်ရာ နောက်ဆုံးသတ်မှတ်ချိန်ကို လုပ်ဆောင်၍ရလိမ့်မည်မဟုတ်ဟု အိမ်ဖြူတော်က အရိပ်အယောင်ပြလိုက်ချိန်တွင် လေယာဉ်ငယ်တစ်စင်းနှင့် ဒရုန်းများကိုတန်ပြန် ရေးအတွက်အီရန်မြို့တော်တီဟီရန်၏ လေကြောင်းကာကွယ်ရေးကို ဧပြီ ၂၀ ရက် ညပိုင်းတွင် စတင်လှုပ်ရှားစေခဲ့ရသည်ဟု သိရသည်။
လေကြောင်းရန် ကာကွယ်စနစ်မှ ထွက်ပေါ်လာသောပစ်ခတ်သံများကို တီဟီရန်၏ နေရာအချို့မှကြားရသည်ဟု တက်ဆနင်နှင့် Fars သတင်းဌာနတို့က ဖော်ပြခဲ့ကြသည်။
လေယာဉ်ငယ်နှင့် ကင်းထောက်ဒရုန်းများကို တန်ပြန်ရန် လေကြောင်းကာကွယ်ရေးစနစ်ကို မိနစ် ၂၀ ဝန်းကျင်အလုပ်လုပ်စေခဲ့ရသည်ဟု ဆိုသည်။ သို့သော်လည်း အခြေအနေသည် ပုံမှန်ပြန်ဖြစ်သွားခဲ့သည်ဟု ယင်းသတင်းဌာနများက ဖော်ပြခဲ့သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ အစိုးရသည် အီရန်စစ်ပွဲနှင့်ပတ်သက်၍ ကွန်ဂရက်အတည်ပြုချက်ရရှိရေးအတွက် သန်းခေါင်းယံ သတ်မှတ်ချိန် နီးကပ်လာသည့်အနေအထားကို ရင်ဆိုင်ခဲ့ရသည်။ စစ်ပွဲအတွက် တည်ပြုချက်ရရှိရေးသည် အိမ်ဖြူတော်နှင့် ကွန်ဂရက်တို့ ထိပ်တိုက်တွေ့လာနိုင်သည်။
တရားဝင်ဖြစ်စေရေးအတွက် ရက် ၆၀ အချိန်သတ်မှတ်ချက်သည် လွန်ခဲ့သောလတွင်ကြေညာခဲ့သော အပစ်အခတ်ရပ်စဲရေးကြောင့် ထိထိမိမိ ရပ်သွားခဲ့ပြီဟု ထရန့်အစိုးရက ပြောကြားခဲ့သည်။
“War Powers Resolution ရည်ရွယ်ချက်တွေအတွက် ဖေဖော်ဝါရီ ၂၈ ရက် စနေနေ့မှာ စတင်ခဲ့တဲ့ စစ်ပွဲဟာ ရပ်သွားပါပြီ” ဟု အကြီးတန်းအမေရိကန်အစိုးရတာဝန်ရှိသူက ဧပြီ ၃၀ ရက်ညပိုင်းတွင် APF ကို ပြောသည်။ ဧပြီ ၇ ရက် အပစ်အခတ်ရပ်စဲကတည်းက အပြန်အလှန် ပစ်ခတ်မှု မရှိတော့ဟု ဆိုသည်။
အမေရိကန်ပြည်ထောင်စုသည် ရှက်ဖွယ် ရှုံးနိမ့်ခဲ့သည်ဟု ဧပြီ ၃၀ ရက် စောစောပိုင်းတွင် အီရန် ခေါင်းဆောင်က ကြေညာခဲ့သည်။ စီးပွားရေးကို အထိနာစေသော အမေရိကန်ရေကြောင်း ပိတ်ဆို့မှုကို လချီပြုလုပ် နိုင်ကြောင်းထရန့်၏သတိပေးမှုကိုလည်း အီရန်ခေါင်းဆောင်က ခေါင်းမာမာ ပယ်ချခဲ့သည်။
သမ္မတဒေါ်နယ်ထရန့်က အီရန်ကို အမေရိကန်ရေကြောင်းပိတ်ဆို့မှုသည် လချီကြာနိုင်သည်ဟု ပြောကြားလိုက်သောကြောင့် ရေနံစျေးများသည် လေးနှစ်ကျော်တွင် အမြင့်ဆုံးနှုန်းဖြင့် မြင့်တက်သွားသည်။ဧပြီ ၃၀ ရက်အထိ စျေးများ ဆက်လက်မြင့်တက်နေခဲ့ပြီးနောက် စျေးအနည်းငယ်ပြန်ကျသွားခဲ့သည်။ အထူးသဖြင့် အီရန်ခေါင်းဆောင် မော့ဂျ်တာဘာခါမေနီ ရေးထားသော ထုတ်ပြန်ချက်ကို အီရန်အစိုးရပိုင်ရုပ်သံက မထုတ်ပြန်မီတွင် ရေနံစျေးအနည်းငယ်ပြန်ကျသွားခြင်းဖြစ်သည်။ အီရန်သည် ပဋိပက္ခတွင် ယခုအခါ အခြေအနေကို ထိန်းချုပ်သူဖြစ်လာသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
“ဒေသတွင်းမှာ ကမ္ဘာ့ဗိုလ်အကျဆုံးနိုင်ငံရဲ့အကြီးမားဆုံးစစ်ရေးဖြန့်ကြက်မှု၊ ကျူးကျော်မှုတို့ ဖြစ်ခဲ့ပြီးတဲ့နောက် နှစ်လအကြာ ဒီနေ့မှာ အမေရိကန်ပြည်ထောင်စုရဲ့အကြံ အစည်တို့ဟာ ရှက်စရာ ရှုံးနိမ့်မှုကိုကြုံလိုက် ရပါပြီ။ ပါရှားပင်လယ်ကွေ့နဲ့ဟော်မုဇ်ရေ လက်ကြားတို့အတွက် အခန်းကဏ္ဍသစ်တစ်ရပ် ပေါ်လာခဲ့ပါပြီ” ဟု ခါမေနီကဖော်ပြခဲ့သည်။
