အရှေ့အလယ်ပိုင်းစစ်ပွဲက အာရှ-ပစိဖိတ်ဒေသကို အချိုးအစားမမျှသောသက်ရောက်မှု ဖြစ်စေသည်ဟု သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝမ်က ဂျပန်ခရီးစဉ်တွင် ပြောကြား

အရှေ့အလယ်ပိုင်းစစ်ပွဲက အာရှ- ပစိဖိတ်ဒေသကို အချိုးအစား မမျှသောသက်ရောက်မှု ဖြစ်စေသည်ဟု ဧပြီ ၂၈ ရက်တွင် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝမ်က ပြောကြားလိုက်ပြီး တစ်ကမ္ဘာလုံး အလျဉ်ပြတ်နေမှုကို ကိုင်တွယ်ရန် ဂျပန်နိုင်ငံနှင့်အတူ အနီးကပ်ဆောင်ရွက်မည်ဟု ဆိုသည်။

ဂျပန်ဝန်ကြီးချုပ် ဆာနာအဲတာကာအိချိက သြစတြေးလျနှင့် ဗီယက်နမ်တို့ကိုမသွားမီ ရက်ပိုင်းအလိုတွင် တိုကျိုကို ရောက်လာသော သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

မေလ ၁ ရက်မှ မေလ ၅ ရက်အထိ တာကာအိချိ၏ခရီးသည် စီးပွားရေးဆိုင်ရာ ဖူလုံမှု၊ စွမ်းအင်၊ အရေးပါသော ဓာတ်သတ္တုတို့ရရှိစေရေးတို့ကို မြှင့်တင်ရန် ကြိုးပမ်းမှုများ၏အစိတ်အပိုင်းဖြစ်သည်ဟု ဂျပန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ မီနိုရူခီဟာရာက ဧပြီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

တိုကျိုမြို့တွင် ဝမ်က ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆုမိုတီဂျီနှင့်တွေ့ဆုံခဲ့သည်။ သြစတြေးလျက ဂျပန်ထံမှ လောင်စာသွင်းကုန်များ လက်ခံရရှိမည့် ထောက်ပံ့ရေးလမ်းကြောင်းများကို အနီးကပ်ဆောင်ရွက်နေမှု ဝမ်က ထုတ်ဖော်ချီးကျူးခဲ့သည်။

“ကျွန်မတို့က တစ်ကမ္ဘာလုံး အလျဉ်ပြတ်နေတာကို လမ်းကြောင်းရှာပေးမှာဖြစ်တာကြောင့် စီးပွားရေးဆိုင်ရာဆက်ဆံရေးဟာ ပိုပြီးအရေးကြီးလာပါတယ်။ ဟော်မုဇ်ရေလက်ကြားပိတ်နေပြီး ကျွန်မတို့ရဲ့ဒေသကို အချိုးအစားမမျှတဲ့ သက်ရောက်မှုကို ကျွန်မတို့တုံ့ပြန်ရာမှာ ဂျပန်နဲ့အတူ ဆက်လက်ပူး ပေါင်းဆောင်ရွက်သွားဖို့ မျှော်လင့်ပါတယ်” ဟု သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

သြစတြေးလျက တရုတ်ကို ဟန့်တားရန် ရည်ရွယ်၍ တာဝေးပစ်ဒုံးကျည်များကို မြှင့်တင်ရန်ရည်ရွယ်သည့် သြစတြေးလျ၏ စစ်ရေးတည်ဆောက်မှု အစိတ်အပိုင်းအဖြစ် ဂျပန်က သြစတြေးလျ၏ရေတပ်ကို ရေဒါရှောင်နိုင်သည့် ဖရီးဂိတ်စစ်သင်္ဘော တစ်ဒါဇင်နီးပါးအား ပထမဆုံးပံ့ပိုးပေးမည့် သဘောတူညီချက်ကို ယခုလအစောပိုင်းတွင် ဂျပန်က သဘောတူညီခဲ့ပြီးနောက် ဝန်ကြီးချုပ်တာကာအိချိ၏ သြစတြေးလျခရီးစဉ်ဖြစ်ပေါ်လာခြင်းဖြစ်သည်။

တရုတ်နှင့် နယ်မြေပိုင်ဆိုင်မှုအငြင်းပွားရာတွင် ပါဝင်ပတ်သက်နေသော ဂျပန်ကဲ့သို့ပင် သြစတြေးလျသည် အာရှပစိဖိတ်ဒေသတွင် မဟာမိတ်အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်နေသည်။

တာကာအိချိသည် ဗီယက်နမ်ခရီးစဉ်တွင် ပွင့်လင်းသော အာရှ-ပစိဖိတ်ဒေသ၏ ဆင့်ကဲပြောင်းလဲမှုအပါအဝင် နိုင်ငံခြားရေး မူဝါဒမိန့်ခွန်းကို ပြောကြားရန် စီစဉ်ထားသည်။

“အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ဗီယက်နမ်ဟာ သိသိသာသာ တိုးတက်နေတာပါ။ ကျွန်တော်တို့နဲ့သြစတြေးလျတို့ရဲ့ဆက်ဆံရေးကိုလည်း တောင့်တင်းအောင်လုပ်နေပါတယ်” ဟု ခီဟာရာက ပြောကြားခဲ့သည်။

သြစတြေးလျတွင် ဂျပန်ဝန်ကြီးချုပ်သည် ဝန်ကြီးချုပ် အန်သိုနီအယ်ဘာနိစ်နှင့်အတူ ဂျပန်-သြစတြေးလျ ထိပ်သီးအစည်းအဝေးကို ကျင်းပရန် စီစဉ်ထားသည်ဟု သိရသည်။

“သြစတြေးလျ ခရီးစဉ်အတွင်းမှာ ဝန်ကြီးချုပ် တာကာအိချိဟာ အာရှဒေသတွင်း တည်ငြိမ်တဲ့ စွမ်းအင်ရရှိရေးကိစ္စကို တစ်နိုင်ငံချင်းစီနဲ့ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ အရှေ့အလယ်ပိုင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုလည်း ထည့်သွင်းဆွေးနွေးမှာဖြစ်ပါတယ်” ဟု ခီဟာရာက ဆက်လက်ပြောကြားခဲ့သည်။ အရေးပါသော ရေ နံထုတ်ကုန်များ ဝယ်ယူရေးကိစ္စကိုလည်း ဆွေးနွေးမည်ဟု ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *