ဟော်မုဇ် ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တနင်္လာနေ့တွင် တောင်းဆိုလိုက်သည်။
ပင်လယ်ရေကြောင်းနယ်ပယ်အတွင်းရှိ ရေလမ်းကြောင်းများ ဘေးကင်းလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ လုံခြုံရေးကောင်စီ၏ ပွင့်လင်းမြင်သာသော ဆွေးနွေးပွဲတစ်ခုတွင် သူက “ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းသွားလာနိုင်တဲ့ ရေကြောင်းသွားလာခွင့်ဆိုင်ရာ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို လေးစားရပါမယ်။ ဒီမူဝါဒတွေကို အပြည့်အဝနဲ့ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ လိုက်နာကြရပါမယ်” ဟု ပြောကြားခဲ့သည်။
ဂူတာရက်စ်က “သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ကျွန်တော် အယူခံဝင် တောင်းဆိုချင်ပါတယ်။ ရေလက်ကြားကို ဖွင့်ပေးပါ၊ သင်္ဘောတွေကို ဖြတ်သန်းခွင့်ပေးပါ၊ အခွန်အခတွေ မကောက်ခံပါနဲ့၊ ခွဲခြားဆက်ဆံမှုတွေ မလုပ်ပါနဲ့၊ ကုန်သွယ်မှုကို ပြန်လည်စတင်ခွင့်ပေးပြီး ကမ္ဘာ့စီးပွားရေးကို အသက်ရှူချောင်ခွင့် ပေးလိုက်ပါ” ဟု ပြောကြားသည်။
မတ်လအစောပိုင်းကတည်းက ဟော်မုဇ် ရေလက်ကြားမှတစ်ဆင့် သင်္ဘောသွားလာမှုများ ပြတ်တောက်သွားခြင်းသည် ကမ္ဘာ့စွမ်းအင်လုံခြုံရေး၊ စားနပ်ရိက္ခာ ထောက်ပံ့မှုနှင့် ကုန်သွယ်ရေးတို့ကို ထိခိုက်စေခဲ့ကြောင်း သူက ပြောကြားခဲ့သည်။
ဟော်မုဇ် ရေလက်ကြားသည် ကမ္ဘာ့အရေးအပါဆုံး ရေကြောင်းဖြတ်သန်းရာ နေရာတစ်ခုဖြစ်သည်။ ၎င်းသည် ကမ္ဘာ့ရေနံကုန်သွယ်မှု၏ ငါးပုံတစ်ပုံခန့်၊ ကမ္ဘာ့သဘာဝဓာတ်ငွေ့ရည် (LNG) ၏ ငါးပုံတစ်ပုံနှင့် နိုင်ငံတကာတွင် ကုန်သွယ်နေသော မြေသြဇာများ၏ သုံးပုံတစ်ပုံနီးပါးကို သယ်ယူပို့ဆောင်ပေးနေသည့် လမ်းကြောင်းဖြစ်သည်။ ဘေးကင်းပြီး အဟန့်အတားမရှိ ဖြတ်သန်းသွားလာနိုင်ခြင်းသည် စီးပွားရေးအရရော လူသားချင်းစာနာထောက်ထားမှုအရပါ မဖြစ်မနေ လိုအပ်သောအချက်ဖြစ်ကြောင်း ကုလသမဂ္ဂအကြီးအကဲက ပြောသည်။
ဟော်မုဇ် ရေလက်ကြားမှတစ်ဆင့် သင်္ဘောသွားလာမှု ပြတ်တေ-ာက်သွားခြင်းသည် ရုတ်တရက် စီးပွားရေးရို-က်ခတ်မှုကို ဖြစ်ပေါ်စေပြီး လူတိုင်းတွင် ထိခိုက်နစ်နာမှုများ ရှိနေကြောင်း၊ စွမ်းအင်နှင့် ကုန်စည်ဈေးကွက်များအတွင်း ပြင်းထန်သော မတည်ငြိမ်မှုများ၊ သယ်ယူပို့ဆောင်ရေးနှင့် အာမခံစရိတ်များ မြင့်တက်လာမှုများအပြင် ကိုဗစ်-၁၉ နှင့် ယူကရိန်းအကျပ်အတည်းနောက်ပိုင်း အဆိုးရွားဆုံး ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုများ ဖြစ်ပေါ်နေကြောင်း ဂူတာရက်စ်က ဆိုသည်။
“ဒီဖိအားတွေဟာ လောင်စာဆီပြတ်လပ်တာ၊ ကုန်စည်ပြတ်လပ်တာကနေတစ်ဆင့် အစားအစာပြတ်လပ်တဲ့အထိ ဆက်တိုက်ဖြစ်လာနေပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထိခိုက်မှုတွေဟာလည်း မြင့်တက်နေပါတယ်” ဟု သူက ပြောသည်။ “ဒီအကျပ်အတည်းဟာ စိုက်ပျိုးရေးရာသီနဲ့ တိုက်ဆိုင်နေပါတယ်။ အချိန်ကြာမြင့်စွာ ပြတ်တောက်နေမယ်ဆိုရင် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ အရေးပေါ်အခြေအနေကို ဖြစ်ပေါ်စေနိုင်ပြီး အထူးသဖြင့် အာဖရိကနဲ့ အာရှတောင်ပိုင်းက သန်းပေါင်းများစွာသော ပြည်သူတွေကို ငတ်မွတ်မှုနဲ့ ဆင်းရဲမွဲတေမှုထဲကို တွန်းပို့သလို ဖြစ်ပါလိမ့်မယ်။”
ဤဝန်ထုပ်ဝန်ပိုးကို ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများနှင့် ကျွန်းနိုင်ငံလေးများက အဆိုးရွားဆုံး ခံစားရကြောင်း၊ အဆိုပါနိုင်ငံများသည် ရေကြောင်းမှ ကုန်စည်တင်သွင်းမှုကို အားထားနေရပြီး ၎င်းတို့ကြောင့် မဟုတ်ဘဲ ဖြစ်ပေါ်လာသော ရိုက်ခတ်မှုကို တုံ့ပြန်နိုင်စွမ်း အနည်းဆုံးဖြစ်ကြောင်း သူက ပြောကြားခဲ့သည်။
ယခုအချိန်သည် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန်၊ ဆွေးနွေးညှိနှိုင်းရန်နှင့် ယုံကြည်မှု တည်ဆောက်ရန် လိုအပ်သည့်အချိန်ဖြစ်ကြောင်း ပြောကြားပြီး ဘုံသဘောတူညီချက်များ ရှာဖွေနိုင်ရန် ကူညီပေးသွားမည်ဟု ဂူတာရက်စ်က ကမ်းလှမ်းခဲ့သည်။
ထို့အပြင် နိုင်ငံတကာဥပဒေများကို လေးစားရန်၊ ရေကြောင်းမလုံခြုံမှု၏ အရင်းအမြစ်များကို ဖြေရှင်းရန်နှင့် ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်သွားရန်လည်း တောင်းဆိုခဲ့သည်။
“သမုဒ္ဒရာဟာ ထိပ်တိုက်ရင်ဆိုင်မှု ဒါမှမဟုတ် ဖိအားပေးမှုတွေ ရှိတဲ့နေရာ မဖြစ်သင့်ဘဲ ငြိမ်းချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု နယ်မြေဖြစ်ရပါမယ်။ ဒါဟာ ကျွန်တော်တို့ ရွေးချယ်ပြီး လုပ်ဆောင်ရမယ့် အချိန်ပါပဲ” ဟု ဂူတာရက်စ်က နိဂုံးချုပ် ပြောကြားခဲ့သည်။
