နေပြည်တော်၊ မကွေး၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းနှင့် ကချင်ပြည်နယ်တို့တွင် လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ်များနှင့် လမ်းမများပေါ်သို့ သစ်ပင်များ လဲကျမှုဖြစ်ပွား

နေပြည်တော်၊ မကွေး၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းနှင့် ကချင်ပြည်နယ်တို့တွင် လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ်များနှင့် လမ်းမများပေါ်သို့ သစ်ပင်များ လဲကျမှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ဧပြီ ၂၇ ရက် နံနက် ၆ နာရီခန့်တွင် လေပြင်းတိုက်ခတ်မှုများကြောင့် ရှမ်းပြည်နယ်၊ လဲချားမြို့၊ အမှတ် (၄) ရပ်ကွက်၊ ဗထူးလမ်းတွင်လည်းကောင်း၊ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၆)၊ မြို့ပတ်လမ်းတွင်လည်းကောင်း သစ်ပင်လဲကျသဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဧပြီ ၂၆ ရက်ကလည်း လေပြင်းတိုက်ခတ်မှုကြောင့် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မြောက်ခေတ္တရာရပ်တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၁)ရပ်ကွက်၊ သိမ်တော်ဦးဘုရားလမ်းရှိ နေအိမ်ပေါ်သို့လည်းကောင်း၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရန်ကုန်-မန္တလေးကားလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၂၅၉/၃)အနီးတွင် ကုန်စုံဆိုင်ပေါ်သို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြင်းဘက်ရပ်ကွက်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေးတွင်လည်းကောင်း၊ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် မြို့မမြောက်ရပ်ကွက်၊ ရွှေဘို-မြစ်ကြီးနားလမ်းသွားလမ်း၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာ၊ မိုင်တိုင် (၂၇/၇)အဆင်းလမ်းတွင်လည်းကောင်း သစ်ပင်များ လဲကျသဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့များမှ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *