မန္တလေးမြို့တွင် အပူရှိန်ပြင်းထန်မှုကြောင့် သေဆုံးမှုများမဖြစ်ပွားစေရေးအတွက် မီးပွိုင့်များ၌ ပိုက်ကွန် အမိုးကာတပ်ဆင်မှုများ ​ပြုလုပ်

မန္တလေးမြို့တွင် အပူရှိန်ပြင်းထန်မှုကြောင့် သေဆုံးမှုများမဖြစ်ပွားစေရေးအတွက် မီးပွိုင့်များ၌ အမိုးကာတပ်ဆင်မှုများ ​ပြုလုပ်နေကြောင်း သတင်းရရှိသည်။

အပူရှိန်ပြင်းထန်လာမှုကြောင့် အပူရှပ်သေဆုံးမှုတစ်ချို့ ဖြစ်ပွားလာရာ အများပြည်သူသွားလာနေသည့် မီးပွိုင်ကဲ့သို့ လမ်းဆုံလမ်းခွနေရာများတွင် အရိပ်အမိုးတပ်ဆင်နေမှုကို ဧပြီလ၂၃ရက်မှ စတင်ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တွင် အပူရှပ်သေဆုံးမှုများနှင့်ပတ်သက်ပီး တိုင်းဒေသကြီး လူမှုရေးဝန်ကြီးထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ” လတ်တလောတော့ Heat stokeနဲ့သေဆုံးတာ ဆရာဝန်တစ်ယောက်ဆိုတာတော့ သိရတယ်။ ကျန်တာကတော့ မကြားသိရသေးပါဘူး” ဟု ဖြေကြားခဲ့သည်။

မတ်လအတွင်းက အပူချိန်လွန်ကဲခဲ့သလို စက်သုံးဆီအခက်အခဲကြောင့် အချိန်နာရီကြာမြင့်စွာ တန်းစီဝယ်ယူရမှုများလည်းရှိခဲ့ရာ ဆီတန်းစီရင်း အပူရှပ်ကာအမျိုးသမီးတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့သည်။

အပူချိန်ဆက်တိုက်မြင့်တက်လာမှုကြောင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် အများပြည်သူသွားလာနေရသည့် လမ်းဆုံလမ်းခွများတွင် အပူဒဏ်သက်သာစေရန် ရည်ရွယ်ပြီး ဆောင်ရွက်ပေးနေခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် ၂၆လမ်းနှင့်ရ၃လမ်း၊ ၂၆လမ်းနှင့်လမ်း၈၀၊လမ်း၃ဝနှင့်ရ၃လမ်း၊ ၃၅လမ်းနှင့်ရ၈လမ်းတို့တွင် ပိုက်ကွန်အမိုးကာများ တပ်ဆင်ပြီးစီးပြီဖြစ်ကာ ကျန်နေရာများတွင်လည်း ထပ်မံတပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း လမ်းတံတားနှင့်အဆောက်အအုံကုန်ရုံဌာနမှ စုံစမ်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *