နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက်ဖူဝန်ကေ့ကဲ့ဝို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၂ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာ-ထိုင်းနှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းနိုင်ငံများ ဖြစ်သည်နှင့်အညီ သံတမန်ဆက်ဆံမှုများ ရှည်ကြာကောင်းမွန်လျက်ရှိမှု အခြေအနေများနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများပပျောက်ရေး၊ နယ်စပ်ဖြတ် ကျော် မီးခိုးမြူငွေ့များလျှော့ချနိုင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေ အနေများ၊ နယ်စပ်ဒေသ ကုန်သွယ်မှုများမြှင့်တင်နိုင်ရေးအတွက် ကုန်သွယ်မှု လမ်းကြောင်းများ ပြန်လည်ဖွင့်လှစ် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီး ပြည်သူများကရွေးချယ်သည့် အစိုးရအဖွဲ့မှ နိုင်ငံတော်အား ဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာဖြင့် ဆက်လက် လျှောက်လှမ်းလျက်ရှိမှုအခြေအနေများ၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် ဖိတ်ခေါ် ထားရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံဘုံသဘောတူညီချက်(၅) ရပ်ပါ အချက်များတွင်ပါဝင်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ၊ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုများနှင့် အခြားအချက်များကို အကောင်း ဆုံးပူးပေါင်း ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ထိုင်းနိုင်ငံမှ ပါဝင်ကူညီဆောင်ရွက် ပေးသွားမည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရင်နှီးမြှုပ်နှံမှု၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၊ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တို့တက်ရောက်ကြပြီး ထိုင်းနိုင်ငံ၊ ဒုတိယ ဝန်ကြီးချုပ် နှင့်နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေး ပုဂ္ဂိုလ်များဖြစ်သည့်
H.E. Mr. Kallayana Vipattipumiprates & Gen. Nothapol Boonngam နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
