တပ်ကုန်း၊ ပုဗ္ဗသီရိ၊ ပြည်၊ အမရပူရ၊ ဝမ်းတွင်း၊ ပျော်ဘွင်္ယနှင့် ပွင့်ဖြူမြို့နယ်တို့တွင် ပြည်တွင်းထုတ် ဒီဇယ်ဆီတစ်ဂါလန်လျှင် ကျပ်တစ်သောင်းနှုှန်းဖြင့် ဂါလန် ၇၆၀၀ ကျော် ဧပြီ ၂၀ ရက်က ရောင်းချပေးကြောင်း သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရတို့နှင့်ပူးပေါင်း၍ တောင်သူများကို စက်သုံးဆီအခက်အခဲ လျော့နည်းသက်သာစေရေးနှင့် ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူဝယ်ယူရရှိနိုင်ရေးအတွက် ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးနှင့် ဆီထွက်သီးနှံ ထွန်ယက်စိုက်ပျိုးရန်ကျန်ရှိသော ကျေးရွာများသို့ ပြည်တွင်းထုတ်ဒီဇယ်ဆီတစ်ဂါလန်လျှင် ကျပ် ၁၀၀၀၀ နှုန်းဖြင့် လက်ငင်းငွေချေစနစ်ဖြင့် လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ဧပြီ ၂၀ ရက်က နေပြည်တော်ရှိ တပ်ကုန်းမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့တွင် စက်သုံးဆီဂါလန် ၆၅၀ ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် စက်သုံးဆီဂါလန် ၁၁၀ ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမရပူရ၊ ဝမ်းတွင်း၊ ပျော်ဘွယ်မြို့နယ်များတွင် စက်သုံးဆီ ၂၂၇၁ ဂါလန်ကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် ၄၅၇၈ ဂါလန်ကိုလည်းကောင်း စုစုပေါင်း ၇၆၀၉ ဂါလန်အား လုပ်ငန်းခွင်အရောက် ဖြန့်ဖြူးရောင်းချခဲ့ကြောင်း သိရသည်။
ကျန်ရှိနေသည့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ တောင်သူများထံသို့ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ စက်သုံးဆီများကို လက်ငင်းငွေချေစနစ်ဖြင့် ဆက်လက်ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ဧပြီ ၁၈ ရက်ရက်ကလည်း လယ်ဝေးမြို့နယ်အတွင်း ကျေးရွာများအတွက် စုရပ်သုံးနေရာ၊ ပျဉ်းမနားမြို့နယ်အတွင်း ကျေးရွာများအတွက် စုရပ်နှစ်နေရာ၊ ဇေယျာသီရိမြို့နယ်အတွင်း ကျေးရွာများအတွက် စုရပ်နှစ်နေရာ စုစုပေါင်း စုရပ်ခုနစ်နေရာတို့တွင် လယ်ယာစိုက်ပျိုးရေး ကဏ္ဍသုံးစက်ပစ္စည်းများတွင် အသုံးပြုရန်အတွက် ပြည်တွင်းထုတ် ဒီဇယ်ဆီ စုစုပေါင်း ၄၅၄၂ ဂါလန်အား နွေစပါးနှင့် ဆီထွက်သီးနှံ ထွန်ယက်စိုက်ပျိုးနေသည့် လယ်ယာမြေလုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
