သက်တော် ရှည် ဆရာတော်ကြီးဘဒ္ဒန္တဥတ္တရ သက်တော်(၈၅)နှစ်၊ သိက္ခာတော်(၆၅)ဝါ၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားကျင်းပပြုလုပ်

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊ အရှေ့လယ်ကုန်းရပ်ကွက်၊ သောင်ဦးကျောင်းတိုက်၏ ဦးစီးပဓာနနာယက၊ သက်တော်ရှည်ဆရာတော်ကြီး ဘဒ္ဒန္တဥတ္တရ သက်တော်(၈၅)နှစ်၊  သိက္ခာတော်(၆၅)ဝါ၏ အန္တိမအဂ္ဂိဈာပနကိုယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပင့်ဖိတ်ထားသည့် ပြည်နယ်သံဃနာယကအကျိုးတော်ဆောင်ဝန်းသိကျောင်းတိုက်ဆရာတော်  အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တကေတုမာလာအမှူးပြုသောသံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ ကြွရောက်တော်မူကြပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့်တာဝန်ရှိသူများ၊  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဒါယကာ၊ ဒါယိကာမများတက်ရောက်ကြသည်။

ဦးစွာအခမ်းအနားကို “သဗ္ဗေသင်္ခါရာ အနိစ္စာတိ” အစချီသော သုံးဂါထာကို ရွတ်ဖတ်၍ စတင်ခဲ့ပြီး တက်ရောက်လာကြသူများက ဝန်းသိုကျောင်းတိုက်ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ထို့နောက် ဦးဉာဏသိန်း (မန္တလေး)က ဘဝနတ်ထံဝင်စံတော်မူသော သောင်ဦးကျောင်းဆရာတော်ကြီး၏  ထေရုပ္ပတ္တိအကျဉ်းအား  ဖတ်ကြားလျှောက်ထားသည်။

၎င်းနောက်တိုင်းမှူးနှင့် တာဝန်ရှိသူများက   သံဃာတော်များအား  လှူဖွယ်ပစ္စည်းများ  ဆက်ကပ်လှူဒါန်းကြပြီးဈာပနကော်မတီဥက္ကဋ္ဌ ပေါ်ဦးကျောင်းတိုက်ဆရာတော်  ဘဒ္ဒန္တနာရဒက  သောင်ဦးကျောင်းဆရာတော်ကြီး၏တပည့်ရဟန်းသာမဏေများနှင့်ဒါယကာ၊ ဒါယိကာမများအား ဆရာတော်ကြီးအပေါ်၌ အပြစ်ရှိကခွင့်လွှတ်ပါရန်  တောင်းပန်လွှာကိုတိုင်တည်ပေးသည်။

ဆက်လက်၍သောင်ဦးကျောင်းတိုက်ဆရာတော်ကြီး၏ဥတုဇရုပ်ကလာပ်တော်ကိုသံဃာတော်များ၊ တိုင်းမှူးနှင့်တာဝန်ရှိသူများ၊  ဒါယကာ၊ဒါယိကာမများက ယာယီစံကျောင်းမဏ္ဍပ်သို့ အဆင့်ဆင့်ပင့်ဆောင်ကြသည်။ နေ့လယ်ပိုင်းတွင် ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်ကို မြစ်ကြီးနားမြို့အတွင်း  ဈာပနလမ်းကြောင်းအတိုင်းလှည့်လည်ပူဇော်ခံပြီးလောင်တိုက်တော်၌ အန္တိမအဂ္ဂိဈာပနပူဇာ  ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။                      

Leave a Reply

Your email address will not be published. Required fields are marked *