၆၃ ကြိမ်မြောက် တပ်မတော်(ကြည်း၊ရေ၊လေ)သေနတ်ပစ်ပြိုင်ပွဲတွင် အသင်းပေါင်း ၁၈ သင်း ပြိုင်ပွဲဝင်လျက်ရှိ

(၆၃)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၇ ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ တပ်မတော်စက်ပစ်ကွင်း၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား တိုင်းမှူးက အမှာစကားပြောကြားပြီး မိုးပျံပူဖောင်းကို ပစ္စတိုသေနတ်ဖြင့် ပစ်ဖောက်၍ ပြိုင်ပွဲကိုဖွင့်လှစ်ပေးခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြု (အမျိုးသား)အသင်းနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု(အမျိုးသား)အသင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စခန်းမှူးရုံး ကိုယ်စားပြု(အမျိုးသမီး)နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု (အမျိုးသမီး)အသင်းတို့၏ ထိလဲပြား ပစ်ခတ်စဉ် သရုပ်ပြပစ်ခတ်ခြင်းတို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်သည်။

အဆိုပါ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) သေနတ်ပစ်ပြိုင်ပွဲကို အမျိုးသမီးအသင်းများအပါအဝင် ပြိုင်ပွဲဝင်အသင်း ၁၈ သင်းဖြင့် ဇူလိုင် ၂၀ ရက်အထိ ယှဉ်ပြိုင်ပစ်ခတ်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *