မန္တလေးမြို့မှ ကလေးမြို့သို့ပို့ဆောင်မည့် ငွေကျပ်သိန်း ၉၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၄ ဒသမ ၃၅ ကီလိုကျော်ကို ဖမ်းဆီးရမိခဲ့ရာမှ အုန်းချောနယ်မြေရဲစခန်းမှ မူးယစ်အမှုဖြင့် အလိုရှိ တရားခံပြေးများကိုပါ ဖမ်းဆီးနိုင်ခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှပူးပေါင်းအဖွဲ့သည် မန္တလေးမှ ကလေးသို့ ကျော်စွာလင်းမောင်းနှင်လာသည့် PAJERO မော်တော်ယာဉ်ကို ဇွန် ၁၀ ရက် ည ၈ နာရီတွင် စစ်ကိုင်းမြို့ တကောင်းရပ်ကွက်အနီး၌ စစ်ဆေးရာမှ ဘိန်းဖြူမှုန့်အလေးချိန် ၆ ဒသမ ၉၃ ကီလို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ထို့နောက် ယင်းနေ့ ည ၉ နာရီခွဲတွင် မူးယစ်ဆေးဝါးများ တင်ပေးခဲ့သူ ကျော်ကြီး (ခ) ကျော်မင်းအောင်အား အောင်မြေသာစံမြို့နယ် ၈၈ (A) လမ်း၊ ၂၂ x ၂၃ လမ်းကြားရှိ ကားဂိတ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ဖော်ထုတ်ချက်အရ ဇွန် ၁၁ ရက် နံနက် ၉ နာရီတွင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာမြိုင် (၂) ရပ်ကွက်၊ ၆၁ လမ်း၊ ၄၂ x ၄၃ လမ်းကြားရှိ သန်းသန်းမိုး၏ နေအိမ်အား ရှာဖွေရာ ဘိန်းဖြူမှုန့် အလေးချိန် ၁၇ ဒသမ ၄၂၄ ကီလို ထပ်မံဖမ်းဆီးရမိခဲ့သလို ယင်းနေ့ ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါးများ လာရောက်ပို့ပေးခဲ့သူ မအေးမြင့် (ခ) မလုအား ဆက်လက်ဖမ်းဆီးရမိခဲ့သည်။
မန္တလေးမှကလေးသို့ ဘိန်းဖြူများ တင်ပို့ရောင်းချသူ ဒေါ်တင်ဦး (ခ) ဒေါ်အုန်းအား ဇွန် ၁၄ ရက် ညနေ ၅ နာရီတွင် ချမ်းမြသာစည်မြို့နယ် ၆၇ လမ်း၊ ၁၀၅ x ၁၀၆ လမ်းကြားတွင် ဖမ်းဆီးရမိခဲ့ကာ ဒေါ်တင်ဦး (ခ) ဒေါ်အုန်း၊ ၎င်း၏ သားဖြစ်သူ ဟိန်းလတ်နှင့်ဇနီး အေးအေးအောင် (ခ) မပိတို့ သုံးဦးမှာ အုန်းချော နယ်မြေရဲစခန်းမှ မူးယစ်အမှုဖြင့် အလိုရှိ တရားခံပြေးများဖြစ်ကြသည်ဟု သိရသည်။
အဆိုပါ ဖမ်းဆီးရမိမှုဖြစ်စဉ်အတွင်း မန္တလေးမှ ကလေးသို့ ဘိန်းဖြူသယ်ဆောင်ရောင်းဝယ်သူများကို ငွေကျပ် သိန်း ၉၂၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၄ ဒသမ ၃၅ ကီလိုကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား ဥပဒေအရအရေးယူထားရှိကြောင်း သိရသည်။

