ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ စိမ်းလန်းသော ဖွံ့ဖြိုးမှုဖိုရမ်သို့ တက်ရောက် မိန့်ခွန်းပြောကြား

မြန်မာနိုင်ငံတွင် အစိမ်းရောင်ဖွံ့ဖြိုးရေး ရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေးဆောင်ရွက်နေပြီး လျှပ်စစ်သုံးယာဉ် (EV) တင်သွင်းခြင်း၊ ထုတ်လုပ်အသုံးပြုခြင်းများကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တရုတ်နိုင်ငံ၌ ပြုလုပ်သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ စိမ်းလန်းသော ဖွံ့ဖြိုးမှုဖိုရမ်သို့ တက်ရောက် မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ပို့ဆောင်ရေးကဏ္ဍ၌ ရုပ်ကြွင်းလောင်စာသုံး ယာဉ်များအသုံးပြုမှု လျှော့ချနိုင်ရေးအတွက် နိုင်ငံအတွင်းလျှပ်စစ်သုံးယာဉ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လျှပ်စစ်သုံးယာဉ် ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကို ပြဌာန်းပြီးဖြစ်ကြောင်း၊ ယခုအခါ မူဝါဒပါမျှော်မှန်းချက် (Vision)နှင့် ရည်မှန်းချက် (Mission) များနှင့်အညီ Electric Vehicle Development Action Plan ရေးဆွဲပြီး လုပ်ငန်းစဉ်များ၊ လမ်းညွှန်ချက်များချမှတ်၍ လျှပ်စစ်သုံးယာဉ်တင်သွင်းခြင်း၊ ထုတ်လုပ်အသုံးပြုခြင်းများကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ရှည်လျားသည့်ကမ်းရိုးတန်းဒေသနှင့် ကျယ်ပြန့်သည့်အဏ္ဏဝါတို့ကို ပိုင်ဆိုင်ထားသော ပတ်ဝန်းကျင် အခြေခံကောင်းများရှိသည့်အတွက် ပင်လယ်ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံအုပ်ချုပ်ခြင်းအစီအစဉ်ကို ပြဌာန်းပြီး ရေအောက်အဖိုးတန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းထားမှုနှင့်အတူ မြန်မာ့ပင်လယ်ပြင်၏ တောင်ပိုင်းတစ်လျှောက် ရေပေါ်ရေအောက် လှည့်လည်ကြည့်ရှုလေ့လာနိုင်ရေးကိုလည်း အစိမ်းရောင်ခရီးသွားမြှင့်တင်ရေးကဏ္ဍအဖြစ် စီမံဆောင်ရွက်ထားကြောင်းနှင့် လာရောက်လေ့လာနိုင်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။

အဆိုပါ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကာဇက်စတန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ကာဂျီစတန်နိုင်ငံ၊ ရုရှားနိုင်ငံ၊ တာဂျစ်ကစ္စတန်နိုင်ငံနှင့် ဥဇဘက်ကစ္စတန်နိုင်ငံ၊ အန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် အီရန်နိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ လေ့လာသူနိုင်ငံများဖြစ်သည့် အာဖဂန်နစ္စတန်နိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် သီရိလင်္ကာနိုင်ငံ၊ တူကီရဲနိုင်ငံ၊ ကမ္ဘောဒီယားနိုင်ငံ၊ အဇာဘိုင်ဂျန်နိုင်ငံ၊ နီပေါနိုင်ငံ၊ အာမေးနီးယားနိုင်ငံ၊ အီဂျစ်နိုင်ငံ၊ ကာတာနိုင်ငံ၊ ဆော်ဒီအာ ရေဗျနိုင်ငံ၊ ကူဝိတ်နိုင်ငံ၊ မော်လ်ဒိုက်ဗ်နိုင်ငံ၊ယူအေအီးနိုင်ငံနှင့် ဘာရိန်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

crd