မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၁၅-၅-၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၂၀)ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က Digital ငွေကြေးများအား Personal Facebook Account များနှင့် Web Page များအသုံးပြု၍ ရောင်း/ဝယ်ခြင်း၊ လဲလှယ်ခြင်းများ မပြုလုပ်ရန် ထုတ်ပြန်ထားပြီးဖြစ်ပါသည်။
ယခုအခါ နိုင်ငံတော်အတွင်း USDT အပါအဝင် တရားမဝင် Digital ငွေကြေးများကို ရောင်း/ဝယ် လဲလှယ်ခြင်းများ၊ USDT အသုံးပြု၍ ဟွန်ဒီလုပ်ငန်းများ ဆောင်ရွက်နေကြောင်း တွေ့ရှိရပြီး ယင်းသို့ ဆောင်ရွက်သူများကို ဥပဒေနှင့်အညီ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အထက်ပါ တားမြစ်ချက်များကို ပါဝင်ဆောင်ရွက်ခြင်း မပြုလုပ်ရန်နှင့် ဖောက်ဖျက်ကျူးလွန်ကြောင်းတွေ့ရှိပါက ငွေစာရင်းများ ပိတ်သိမ်းခြင်းအပြင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရလည်းကောင်း၊ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရလည်းကောင်း ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အသိပေးကြေညာထားပါသည်။