နတ်သမီးနှင့်မုဆိုး
တစ်ခါသော် တိုင်းပြည်တစ်ပြည်မှ အကြီးအကဲတစ်ဦးသည် တောစောင့်နတ်၊ တောင်စောင့်နတ်၊ ရွာစောင့်နတ်များကို ပူဇော်ပသရန်မေ့လျော့နေလေသည်။ ထိုအခါ အစောင့်အရှောက်များက အလွန်ဒေါသထွက် စိတ်ဆိုးနေကြတော့သည်။
“ပူဇော်ပသရန်မေ့လျော့နေသူတွေကို ဒဏ်ခတ်ပေးရမှာပေါ့”
ရေနှင့်ကောင်းကင်ကို အုပ်စိုးသူမိကျောင်းကြီးက ကတိပေးလိုက်ခြင်းဖြစ်သည်။ ထိုစဉ်က မိကျောင်းကြီးသည် တောစောင့်နတ်၊ တောင်စောင့်နတ်၊ ရွာစောင့်နတ်များ စသည့်အစောင့်အရှောက်များ၏ အကြီးအကဲဖြစ်သည်။ မိကျောင်းကြီးထံသို့ အစောင့်အရှောက်များက စုဝေးရောက်ရှိသွားကြပြီး ဖြစ်စဉ်ကိုပြောပြကြလေရာ မိကျောင်းကြီး ကလည်း အလွန်စိတ်ဆိုးကာ ဒဏ်ခတ်ရန်ကတိပေးလိုက်ခြင်းဖြစ်သည်။
မိကျောင်းကြီးသည် သူ၏တန်ခိုးဖြင့် ပထမနှစ်တွင် ထိုဒေသ၌မိုးမရွာအောင်ပြုလုပ်လေသည်။ ဒုတိယနှစ်တွင် မိုးခေါင်ရုံသာမက ရေကန်များ၊ ချောင်းများ၊ မြစ်များကိုပါ ခန်းခြောက်သွားစေသည်။ တတိယမြောက်နှစ်တွင် မိုးခေါင်ရုံသာမက ရေများခန်းခြောက်ကာ ကျွဲ၊ နွား တိရစ္ဆာန်များပါ သေကျေပျက်စီးကုန်ကြလေသည်။ ဤတွင် ထိုဒေသအကြီးအကဲသည် ကြောက်လန့်လာကာ သူ၏လက်စွဲဖြစ်သော ပုဏ္ဏားတော်ကြီးအားခေါ်၍ မိုးခေါင်ရခြင်း အကြောင်းရင်းကို မေးမြန်းတော့သည်။ ပညာရှိပုဏ္ဏားကြီးသည် ကောင်းကင်သို့မော်ကာ အတန်ကြာအောင် ကြည့်ရှုနေသည်။ ထို့နောက်ပြန်လာကာ အကျိုးအကြောင်းပြောပြလိုက်သည်။ ထိုဒေသအကြီးအကဲသည် စိတ်ဆိုးလှ သဖြင့် မိကျောင်းကြီးအားသတ်ရန် ပုဏ္ဏားကြီးအားအမိန့်ပေးစေခိုင်း လေတော့သည်။
ပုဏ္ဏားကြီးသည် သနားကြင်နာတတ်သူဖြစ်၍ မိကျောင်းကြီးအား မသတ်လိုပေ။ သို့သော် ထိုသို့မသတ်ပါက အကြီးအကဲဖြစ်သူက မိမိအားသတ်မည်ဖြစ်သည်။ ထို့ကြောင့် ပုဏ္ဏားကြီးသည် လေးနှင့်မြားကိုယူကာ မိကျောင်းကြီးရှိရာ ရေကန်သို့ ထွက်လာလေသည်။
မိကျောင်းကြီး၏မျက်လုံးတစ်ဖက်ကို ပုဏ္ဏားကြီးက မြားနှင့် ပစ်ကာပြန်လာခဲ့သည်။
ယင်းအခြေအနေအား အကြီးအကဲဖြစ်သူက မကျေနပ်နိုင်သဖြင့် မိကျောင်းကြီးအားသတ်ရန် ပုဏ္ဏားကြီးကို ထပ်မံစေလွှတ်လိုက်ပြန်သည်။
မိကျောင်းကြီးသည် မျက်လုံးတစ်ဖက် ပျက်စီးသွားသဖြင့် အလွန်စိတ်ထိခိုက်နေရှာသည်။ သူ့ထံသို့ ပုရောဟိတ်ပုဏ္ဏားကြီး နောက်တစ်ခေါက်ပြန်လာမည်ကို အလွန်ကြောက်ရွံ့နေသည်။ ထိုသို့ ကြံရာမရဖြစ်နေစဉ် မုဆိုးတစ်ဦးသည် ရေကန်အနီးသို့ရောက်လာသည်။
“ကျုပ်အသက်ကိုကယ်ဆယ်ပေးပါက သင်အလိုရှိရာ ပေးနိုင်ပါတယ် မုဆိုးကြီး”
မိကျောင်းကြီးသည် မုဆိုးအား အကျိုးအကြောင်းပြောပြပြီး သူ့အသက်ကို ကယ်ဆယ်ပေးနိုင်ရန် ပြောလိုက်ခြင်းဖြစ်သည်။ မုဆိုးကလည်း သဘောတူလိုက်သည်။ ထို့ကြောင့် မုဆိုးသည် ပုဏ္ဏားကြီးအား လေးဖြင့်ပစ်ကာ ရေကန်အတွင်းသို့ ပစ်ချလိုက်လေတော့သည်။
သို့မှသာ မိကျောင်းကြီးလည်း အသက်ချမ်းသာရာရသွားလေသည်။ ကောင်းကင်ပေါ်ရှိ ငွေရောင်တောင်ကြီးပေါ်တွင် နတ်သမီးခုနစ်ဖော် နေထိုင်ကြသည်။ သူတို့သည် ထိုရေကန်ကြီးအတွင်းသို့ တစ်ခါတစ်ရံ ရေလာချိုးလေ့ရှိသည်။ ယင်းတို့အနက် အငယ်ဆုံးညီမသည် အလွန်ချောမောလှပသည်။ မုဆိုးသည် အငယ်ဆုံးနတ်သမီးလေးကို အလိုရှိကြောင်း မိကျောင်းကြီးအား တောင်းဆိုလေသည်။ မိကျောင်းကြီးက မုဆိုးအား စိတ်မပူရန်ပြောဆိုပြီး ရတနာဖြင့်စီခြယ်ထားသော ကျော့ကွင်းတစ်ခု ကိုပေးကာ နောက်တစ်ကြိမ်နတ်သမီးများလာချိန်တွင် ကျော့ကွင်းဖြင့် ပစ်ကာ မုဆိုးအားဖမ်းခိုင်းလိုက်သည်။
မုဆိုးလည်း မိကျောင်းကြီးပြောသည့်အတိုင်း ကျော့ကွင်းဖြင့် ပစ်လိုက်ရာ နတ်သမီးအားလုံးကို ဖမ်းမိသွားလေတော့သည်။
“ချမ်းသာပေးပါ ချမ်းသာပေးပါ။ ကျေးဇူးပြုပြီး ပြန်လွှတ်ပေးပါနော်”
နတ်သမီးခုနစ်ဖော်လည်း ကြောက်ရွံ့လှသဖြင့် ငိုယိုတောင်းပန်သော်လည်း မရနိုင်ဖြစ်နေရသည်။
“ညီမအငယ်ဆုံးကို ထားရစ်ခဲ့ရင်တော့ ကျန်သူတွေကို လွှတ်ပေးလိုက်မယ်”
နတ်သမီးများလည်း မည်သို့မျှမတတ်နိုင်သည့်အဆုံးမှ ညီမအငယ်ဆုံးကို မုဆိုးအားပေးထားရစ်ခဲ့ကာ မျက်ရည်စက်လက်ဖြင့် ပြန်သွားကြလေသည်။
အငယ်ဆုံးနတ်သမီးလေးသည်လည်း မုဆိုးအိမ်သို့လိုက်ပါသွားရတော့သည်။ သို့သော် နတ်သမီးလေးမှာ မည်သို့မျှမပျော်ရွှင်နိုင် ဖြစ်နေရသည်။ မုဆိုးသည် နတ်သမီးလေးအား ထွက်ပြေးမည်စိုးရိမ်သဖြင့် ကြိုးဖြင့်ချည်နှောင်ထားလေသည်။ မုဆိုး၏ ဇနီးသည်က နတ်သမီးလေးကို ထမင်း၊ ဟင်းများကျွေးမွေးသော်လည်း လုံးဝ မစား၊ ရေလည်းမသောက်ပဲနေလေသည်။
နတ်သမီးလေး၏ ကိုယ်မှထွက်သော ရောင်ခြည်များသည် လင်းလက်တောက်ပနေပြီး ညအချိန်မှာပင် နေ့အချိန်ကဲ့သို့ လင်းထိန် နေပေသည်။
နတ်သမီးလေးသည် စကားလည်းလုံးဝမပြောဘဲ တုံဏှိဘာဝေ ဖြစ်နေသည်။ မုဆိုးဇနီးမောင်နှံတို့သည် နတ်သမီးလေး၏ ကိုယ်ရောင်ကိုယ်ဝါထွန်းလင်းတောက်ပနေသည့် အလင်းရောင်များကြောင့် ထိတ်လန့်ကြောက်ရွံ့လာပြီး နောက်ဆုံးတွင် နတ်သမီးလေးအား နန်းတော်ကြီးရှိ ဘုရင့်သားတော်ထံပေးအပ်ရန် ဆုံးဖြတ် လိုက်ကြသည်။
ဘုရင့်သားတော်ထံသို့ရောက်ရှိသွားသည့် နတ်သမီးလေးသည် သူ့အားအလွန်ချစ်ခင်ကြင်နာသော ဘုရင့်သားတော်၏ မေတ္တာတရားကို ရရှိလာခြင်းကြောင့် တဖြည်းဖြည်းပျော်ရွှင်လာလေသည်။ ကောင်းကင်ဘုံရှိညီအစ်မများကိုပင် မေ့သွားသည်အထိဖြစ်ရကာ နတ်သမီးလေးသည် ဘုရင့်သားတော်နှင့် ပျော်ရွှင်စွာနေထိုင်သွား လေတော့သတည်း။ ။
Ref: The Fairy and The hunter.