ကချင်ပြည်နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားများ၏ ကိုယ်စားပြုများဖြင့် ဖွဲ့စည်းထားသည့် ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့(SEA)ကို ဥက္ကဌသစ်ဖြင့် ပြန်လည်ဖွဲ့စည်း

ကချင်ပြည်နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားများ၏ ကိုယ်စားပြုများဖြင့် ဖွဲ့စည်းထားသည့် ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့(SEA)အား ဥက္ကဌသစ်ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

လုံခြုံရေးနှင့် နိုင်ငံရေးအခြေအနေများကြောင့် ၂ နှစ်တစ်ကြိမ်ပြုလုပ်သည့် အခြေအနေမှ လေးနှစ်နီးပါး ကြာမြင့်လာခဲ့ရပြီး ယခုတစ်ဖန် စုစည်းကာ ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ဦးစိုင်းမျိုးဆွေက ဆိုသည်။

တစ်ဖန်ပြန်လည်စည်းဝေးနိုင်ရေးအတွက် အဖွဲ့ဝင် ၃၈ ဦးပါအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး ရှမ်းတိုင်းရင်းသားငါးမျိုး၏ နာယကငါးဦး၊ ဦးဆောင် ကော်မတီကိုးဦးအဖွဲ့က ဦးဆောင်ကာ ဥက္ကဌသစ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့(SEA)ဥက္ကဌသစ်အဖြစ် ဦးစိုင်းမောင်အေး၊အတွင်းရေးမှူးအဖြစ် ဦးစိုင်းမျိုးဆွေ တို့အပါအဝင် လူဟောင်းလေးဦးလည်း ပါဝင်လာကြောင်း သိရသည်။

” နိုင်ငံရေး ကသောင်းကနင်းကာလမှာ မြစ်ရိုးက ရှမ်းတွေ၊ ဗန်းမော်-မြစ်ကြီးနား ကားလမ်းရိုးက ရှမ်းတွေ သောင်းချီပြီး အိုးပစ်အိမ်ပစ်တွေ ဖြစ်သွားတယ်။ရှမ်းတိုင်းရင်းသားအများစုက လယ်ယာစိုက်ပျိုးရေးနဲ့ အသက်မွေးကြတာဆိုတော့ အားလုံးနီးပါး ဆုံးရှုံးကုန်တယ်လေ။ ရွာကမပျက်လည်း ကလေးတွေက လက်နက်ကိုင်အဖွဲ့တွေရဲ့အဓမ္မ စစ်သားစုဆောင်းရေးတွေ ကြောက်လို့ မြို့ပေါ်တွေ၊ဝေးရာတွေ ထွက်ပြေးကြရတယ်။ ရပ်ရွာတွေက အရင်လို ပြန်မဖြစ်မှာတောင် စိုးရိမ်ရတယ်။အခုတော့ အဖွဲ့အစည်းအနေနဲ့ နိုင်တဲ့ဘက်က ဆောင်ရွက်နိုင်တာတွေ ၊ကူညီနိုင်တာတွေကို လုပ်ကြဖို့ စည်းဝေးနေကြတယ်”ဟု ​ပြောကြားသည်။

ကချင်ပြည်နယ် အခြေစိုက်ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ကို ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ပြည်နယ်အတွင်းရှိရှမ်းတိုင်းရင်းသားများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ ရှမ်းတိုင်းရင်းသားအဖွဲ့အစည်းများကြား အငြင်းပွားမှုနှင့်ရှမ်းတိုင်းရင်းများ၏ အရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။

ကချင်ပြည်နယ်တွင် ၂၀၁၄ ခုနှစ်က ကောက်ယူထားသည့် သန်းခေါင်းစာရင်းအရလူဦးရေ ၁၈၈၉၄၄၁ ဦးနေထိုင်ပြီး ဗမာ ၄၆၇၂၀၀ ဦး ၂၉ ဒသမ ၂ ရာခိုင်နှုန်း၊ ရှမ်း ၃၇၇၆၀၀ ဦး ၂၃ ဒသမ

၈ ရာခိုင်နှုန်း၊ ဂျိန်းဖော ၃၀၃၅၂၀ ဦး ၁၈ ဒသမ ၉၇ ရာခိုင်နှုန်း၊ လီဆူ ၁၁၂၀၀၀ ဦး ၇ ရာခိုင်နှုန်း၊

ရဝမ် ၈၈၀၀၀ ဦး ၅ ဒသမ ၅ ရာခိုင်နှုန်း၊လော်ဝေါ် ၅၃၂၈၀ ဦး ၃ ဒသမ ၅ ရာခိုင်နှုန်း၊ လာချိဒ် ၄၅၂၀၀ ဦး၂ဒသမ ၈၃ ရာခိုင်နှုန်း၊ ဇိုက်ဝါး ၂၅၁၂၀ ဦး ၁ဒသမ ၅၇ ရာခိုင်နှုန်း၊ ကျန်လူမျိုး ၁၂၈၀၀၀ ဦး ၈ ရာခိုင်နှုန်းနေထိုင်ကြောင်း NCA တတိယအကြိမ် ညီလာခံမှ သိရသည်။

ကချင်ပြည်နယ်တွင် ရှမ်းတိုင်းရင်းသား တိုင်းလိုင်(ရှမ်းနီ) ၊ တိုင်းလေ၊တိုင်းလုံ၊

တိုင်းဆာ၊တိုင်းခန္တီး စသည့် ရှမ်းတိုင်းရင်းသားငါးမျိုးနေထိုင်ပြီး အစိုးရစာရင်းအရ လူဦးရေ သုံးသိန်းကျော်နေထိုင်ကြောင်း ရှိနေကြောင်း၊ လူမျိုးအမည် အခေါ်အဝေါ်ကွဲပြားမှုကြောင့်

လူဦးရေစာရင်းမှာ မတည်ငြိမ်ပဲ ဖြစ်နေကြောင်း ယခင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးများက ဆိုသည်။

ကချင်ပြည်နယ်တွင် ကချင်မျိုးနွယ်စု ခြောက်မျိုး၊ရှမ်းမျိုးနွယ်စု ငါးမျိုး၊ဗမာ၊ချင်း၊နာဂ၊ရခိုင်စသည့်တိုင်းရင်းသားများ တရုတ်၊ဂေါ်ရခါး စသည့်မျိုးနွယ်စုများလည်း အများအပြားနေထိုင်ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *