အရှေ့တောင်အာရှနဲ့ မြန်မာ့အရေးကို အထူးပြုလေ့လာသုံးသပ်သူ ဗြိတိန်သံအမတ်ကြီး (ငြိမ်း) Derek Tonkin က မြန်မာ-ဂမ်ဘီယာအမှုနဲ့ပတ်သက်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ စီရင်ချက်ဟာ သမိုင်းအချက်အလက်တွေကို မှားယွင်းစွာ ဖော်ပြထားပြီး နိုင်ငံရေးအရ သွတ်သွင်းထားတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း နိုဝင်ဘာ ၂၁ ရက်မှာ သူ့ရဲ့ X လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားဝေဖန်ခဲ့ပါတယ်။
Derek Tonkin က အစပိုင်းမှာ ICJ စီရင်ချက်ကို ထောက်ခံခဲ့တဲ့ တရားသူကြီး ၉ ဦးရဲ့ သဘောထားကို လက်ခံခဲ့ပေမယ့် စီရင်ချက်ပါ အကြောင်းအရာတွေကို အသေးစိတ်လေ့လာပြီးနောက် သံသယတွေ ဖြစ်လာခဲ့တယ်လို ဆိုပါတယ်။ ဒါကြောင့် သူ့ရဲ့ရပ်တည်ချက်ကို စကော့တလန်တရားရေးစနစ်မှာ အသုံးပြုခဲ့တဲ့ “Not Proven” ဆိုတဲ့ အသုံးအနှုန်းနဲ့ ဖော်ပြခဲ့ပြီး အပြစ်ရှိကြောင်း သက်သေပြနိုင်တဲ့ အထောက်အထား မလုံလောက်ဘူးဆိုတဲ့ သဘောကို ထောက်ပြခဲ့ပါတယ်။
သူ့ရဲ့အဓိကဝေဖန်ချက်က ICJ စီရင်ချက်ပါ စာပိုဒ် ၁၃၄ မှ ၁၄၁ အထိမှာ ဖော်ပြထားတဲ့ သမိုင်းကြောင်းနဲ့ ဥပဒေရေးရာ အချက်အလက်တွေဖြစ်ပါတယ်။ အထူးသဖြင့် “ရိုဟင်ဂျာ” ဆိုတဲ့ အသုံးအနှုန်းဟာ ၁၉၆၀ ပြည့်နှစ်ဝန်းကျင်မှသာ ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး အဲဒီမတိုင်ခင်က Rooinga၊ Rwangya၊ Kaman၊ Myedu၊ Chittagonian နဲ့ Bengali စတဲ့ အမည်တွေကို အသုံးပြုခဲ့ကြောင်း ရေးသားထားပါတယ်။
ယနေ့ခေတ် ရိုဟင်ဂျာလို ခေါ်ဆိုနေတဲ့ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ ဗြိတိသျှကိုလိုနီခေတ်အတွင်း ဘင်္ဂလားဒေသ၊ စစ်တကောင်းကနေ ရွှေ့ပြောင်းဝင်ရောက်လာသူတွေရဲ့ သားစဉ်မြေးဆက်တွေဖြစ်တယ်လိုလည်း သူက ဆိုပါတယ်။
ဒါ့အပြင် ၁၉၂၁ ခုနှစ်၊ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းတွေနဲ့ Baxter Report ကို ကိုးကားပြီး ၁၉၃၁ ခုနှစ်မှာ ရခိုင်ဒေသအတွင်း ရွှေ့ပြောင်းဝင်ရောက်လာသူ ၂၀၁,၉၁၂ ဦးရှိခဲ့ပြီး ဒေသခံမူဆလင်ဦးရေမှာ ၅၆,၉၆၃ ဦးသာရှိခဲ့ကြောင်း ထောက်ပြခဲ့ပါတယ်။ အဲဒီအချက်အလက်တွေအရ ထိုအချိန်က ရခိုင်ဒေသရှိ မူဆလင်လူဦးရေရဲ့ ၇၇.၉၉ ရာခိုင်နှုန်းဟာ ကိုလိုနီခေတ်အတွင်း ရွှေ့ပြောင်းဝင်ရောက်လာသူတွေနဲ့ သူတိုရဲ့ သားစဉ်မြေးဆက်တွေဖြစ်တယ်လို ဖော်ပြထားပါတယ်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ရိုဟင်ဂျာတွေကို ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအသိုက်အဝန်းမှာ ပါဝင်သူတွေအဖြစ် ဆက်ဆံခဲ့ကြောင်း ICJ က ဖော်ပြထားမှုကိုလည်း Derek Tonkin က ဝေဖန်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ဥပဒေမှတ်တမ်းတွေမှာ “ရိုဟင်ဂျာ” ဆိုတဲ့ အသုံးအနှုန်းကို တွေ့ရှိရခြင်းမရှိကြောင်းနဲ့ ICJ ဟာ ၁၉၆၁ ခုနှစ် မူဂျာဟီဒင်များ လက်နက်ချစဉ် ဗိုလ်ချုပ်အောင်ကြီး ပြောကြားခဲ့တဲ့ မိန့်ခွန်းတစ်ခုကိုသာ အထောက်အထားအဖြစ် အသုံးပြုထားကြောင်းလည်း ထောက်ပြထားပါတယ်။
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ပတ်သက်ပြီးလည်း ICJ ဟာ နိုင်ငံသား၊ ဧည့်နိုင်ငံသားနဲ့ နိုင်ငံသားပြုခွင့်ရသူဆိုတဲ့ အမျိုးအစားသုံးမျိုးကိုသာ ဖော်ပြပြီး ဥပဒေပါ အရေးကြီးတဲ့ ပြဋ္ဌာန်းချက်အချိုကို ချန်လှပ်ထားတယ်လို ဝေဖန်ခဲ့ပါတယ်။ အထူးသဖြင့် တတိယမျိုးဆက် နိုင်ငံသားဖြစ်ခွင့်နဲ့ နိုင်ငံသားပြုခွင့်ရရှိသူတွေရဲ့ အခွင့်အရေးတွေကို ဖော်ပြထားတဲ့ ပုဒ်မ ၆ ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ရေးသားထားပါတယ်။
ထိုအပြင် မြန်မာနိုင်ငံအတွင်းရှိ ဘင်္ဂါလီတွေကို တရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူတွေ၊ နိုင်ငံခြားသားတွေအဖြစ် သတ်မှတ်ထားတယ်ဆိုတဲ့ ICJ ရဲ့ ဖော်ပြချက်ကိုလည်း မှားယွင်းကြောင်း ဝေဖန်ခဲ့ပါတယ်။
ယခင်သမ္မတ ဦးသိန်းစိန်က ၂၀၁၂ ခုနှစ် ဇူလိုင် ၁၁ ရက် မိန့်ခွန်းမှာ ကိုလိုနီခေတ်အတွင်း ဝင်ရောက်လာသူတွေရဲ့ တတိယမျိုးဆက်တွေဟာ သတ်မှတ်ချက်တွေနဲ့အညီ နိုင်ငံသားဖြစ်ခွင့်ရှိကြောင်း ပြောကြားခဲ့ဖူးတယ်လိုလည်း ကိုးကားထားပါတယ်။
နောက်ဆုံးမှာတော့ ICJ အနေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ ဘက်လိုက်တဲ့ ဖိအားပေးမှုတွေနဲ့ သတင်းအချက်အလက်မှားတွေကြောင့် လမ်းကြောင်းလွဲမသွားအောင် ဘယ်လိုဆောင်ရွက်သင့်သလဲဆိုတာကို မေးခွန်းထုတ်ခဲ့ပြီး ယခုစီရင်ချက်ဟာ “Politically Contaminated” (နိုင်ငံရေးအရ သွတ်သွင်းထားသော ဆုံးဖြတ်ချက်) ဖြစ်တယ်လို အတိအလင်း ဝေဖန်ခဲ့ပါတယ်။
Derek Tonkin ဟာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန (FCDO) မှာ ၃၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဗီယက်နမ်၊ ထိုင်းနဲ့ လာအိုနိုင်ငံတွေမှာ ဗြိတိန်သံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံဆိုင်ရာဌာနမှာလည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အငြိမ်းစားယူပြီးနောက် Network Myanmar အဖွဲကို တည်ထောင်ကာ မြန်မာ့သမိုင်း၊ နိုင်ငံရေးနဲ့ ဥပဒေရေးရာ အချက်အလက်တွေကို ဆက်လက်လေ့လာဖော်ပြနေသူ ဖြစ်ပါတယ်။


