အလင်းဝင်ခြင်းရဲ့ အဓိပ္ပာယ်

(၄-၇-၂၀၂၅)

အခုတလော သတင်းတွေထဲမှာ သတိထားမိတာ တစ်ခုက PDF တွေ အလင်းဝင်တဲ့ သတင်းပါ။ အထူးသဖြင့် မန္တလေးနဲ့ မုံရွာဘက်မှာ တစ်လတစ်ခါလောက် အခမ်းအနားလုပ်လာတာ တွေ့ရတယ်။ တစ်ခါလုပ်တိုင်းလည်း PDF ၂၀- ၃၀ လောက် အလင်းဝင်ပြီး လက်နက်တွေပါ အပ်နှံကြတယ်။

အလင်းဝင်တယ်ဆိုတဲ့နေရာမှာ တိုက်ပွဲဖြစ်နေရင်းက အရေးနိမ့်လို့ အလံဖြူထောင်တာမျိုးကို ပြောတာ မဟုတ်ပဲ ကိုယ်လုပ်နေတဲ့ အလုပ်ကို၊ ကိုယ့်ရဲ့ အဖွဲ့အစည်းကို စိတ်ကုန် စိတ်ပျက်လာလို့ အပြီးသတ်စွန့်လွှတ်ရင်း မိဘရင်ခွင်ကို ပြန်လည်ခုံလှုံတာမျိုးကို ပြောတာပါ။

လူငယ်တွေဟာ PDF ထဲကို ဝင်တဲ့နေရာမှာ အနီးအနားပတ်ဝန်းကျင်က ရွယ်တူ သူငယ်ချင်း အပေါင်းအသင်းတွေ နှိုးဆော်မှုကြောင့်သော်လည်းကောင်း၊ ငယ်ရွယ်တုန်း စိတ်လိုက်မာန်ပါ လုပ်တတ်ချင်တဲ့ စိတ်ကြောင့်သော်လည်းကောင်း အများကြီး မစဉ်းစားကြပါဘူး။ PDF ထဲ မဝင်ရင် ခေတ်နောက်ကျတော့မယောင်၊ သတ္တိမရှိသူလို့ သတ်မှတ်ခံရတော့ မယောင် လူငယ်အသိုင်းအဝိုင်းမှာ ခံစားနေကြရတာကြောင့် အချိတ်အဆက်လေး ရှိတာနဲ့ လွယ်လွယ်ကူကူဝင်ခဲ့ကြပါတယ်။

ဒါပေမယ့် PDF ထဲဝင်ဖို့ လွယ်ကူသလောက် PDF ကနေ အလင်းဝင်ဖို့ ဆိုတဲ့ နေရာမှာတော့ လက်နက်ကိုင်ပြီးသေရဲတယ်ဆိုတာထက် ၂ ဆလောက် သတ္တိလိုပါတယ်။ သံပုံးမတီးရင်တောင် ဒလန်သတ်မှတ်တဲ့ အသိုင်းအဝိုင်မျိုးကနေ စွန့်ခွာဖို့၊ တပ်နဲ့ ချိတ်ဆက်ဖို့ဆိုတာ လွယ်ကူတဲ့ ဆုံးဖြတ်ချက်၊ လုပ်ရပ်တွေမဟုတ်ပါဘူး။

ဒါဆို ဘာလို့ အလင်းဝင်ကြလဲ။ ကိုယ်လုပ်နေတဲ့ လုပ်ရပ်တွေက၊ ကိုယ် ယုံကြည်ခဲ့တဲ့ အရာတွေက မှားနေတယ်လို့ ခံစားလာကြရလို့ပေါ့။ အလင်းဝင်ခဲ့တဲ့ PDF တွေရဲ့ ရင်ဖွင့်စကားတွေကို နားထောင်ခဲ့ဖူးရင် သူတို့ ဘာတွေ ခံစားခဲ့ကြရလဲဆိုတာ သိနိုင်ပါတယ်။

တော်လှန်ရေးဆိုတာကြီးက မပြီးဆုံးသေးသလို ပြီးဆုံးဖို့လည်း လမ်းမရှိဘူးလို့ NUG ထောက်ခံသူတွေကိုယ်တိုင်တောင် အသံဟစ်လာကြတဲ့ အချိန်မှာ  ဒီအဖွဲ့အစည်းထဲ ကိုယ်တိုင်ကိုယ်ကျ နေရတဲ့ PDF တွေက ဒီအဖွဲ့အစည်းအကြောင်းကို ပိုသိမှာပေါ့။  ကိုယ်လျှောက်လမ်းနေတဲ့ လမ်းဟာ ကိုယ်ယုံကြည်ရာနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေရင် အလင်းဝင်ဖို့ စဉ်းစားကြမှာပေါ့။

တစ်နေ့က လှိုင်သာယာမှာ ဖြစ်သွားတဲ့ တရားခံ PDF အမျိုးသမီးတစ်ယောက်ကို အချင်းချင်း ကယ်ထုတ်သွားကြပေမယ့် တကယ်လည်း အဖမ်းခံရရော PDF အဖွဲ့နဲ့ သက်ဆိုင်ခြင်းမရှိပါလို့ နွေဦးတော်လှန်ရေးက ထုတ်ပြန်တယ်။ ရိုးရိုးထုတ်ပြန်တာမဟုတ်ဘူး၊ တပ်ဆီ အလင်းဝင်ထားတဲ့အဖွဲ့တွေလို့ အချင်းချင်းကြားမှာ ရန်တိုက်ပေးပြီး အလင်းဝင်မယ့်အဖွဲ့တွေကိုပါ ခြိမ်းခြောက်ဝါဒဖြန့်ထားသေးတာ။

နိုင်ငံရေးသမားတွေနဲ့ EAO တွေကို ပြောချင်တာက နိုင်ငံရေးကစားကွက်မှာ ဂျန်နရေးရှင်း- Z ဆိုတဲ့ လူငယ်တွေကို ချနင်းခဲ့တာ လေးနှစ်ကျော်ရှိခဲ့ပြီ။ တက္ကသိုလ်မှာ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်နေရမယ့်အချိန်မျိုး တောထဲမှာ ဒုက္ခခံပြီး အသက်တွေ စွန့်လွှတ်နေရတာ ဘယ်သူ့အတွက်လဲ။ ပြည်သူ့အတွက်ဆိုတဲ့ မှိုင်းတွေ ကင်းလွတ်ပြီး အသက်တွေသာ ဆုံးရှုံးရတယ်ဆိုတဲ့ အသိဉာဏ်အလင်းရလို့ အလင်းဝင်ဖို့ ကြိုးစားကြတာကို သစ္စာဖောက်လို့ တံဆိပ်ကပ်ဦးမလို့လားဗျာ။

(ပိုင်စိုး)

Leave a Reply

Your email address will not be published. Required fields are marked *