ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်နေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက်ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) ရွှေညောင်မြို့၊   ညောင်ရွှေမြို့နှင့် ရပ်စောက်မြို့များ၌ နိုဝင်ဘာလ ၉ ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မြစ်၊ ချောင်းများအတွင်း   ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ   မြို့ပေါ်ရပ်ကွက်များအတွင်း ရေဝင်ရောက်မှုများဖြစ်ပွားလျက်ရှိကြောင်းသိရှိရသည်။

ထိုသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိသည့် ရွှေညောင်မြို့၊ မင်္ဂလာရွှေဗဟိုရ်ရပ်ကွက်၊ ရွှေဘုံသာရပ်ကွက်၊ ရတနာရပ်ကွက်၊ သုခချမ်းသာရပ်ကွက်၊ မင်္ဂလာအောင်မြေရပ်ကွက်နှင့်လှိုင်ဘုံသာရပ်ကွက်များရှိ   ဒေသခံပြည်သူများအား   ကုန်းလှိုင်ဘုန်းတော်ကြီးကျောင်းနှင့် ဇေယျာသီရိဓမ္မာရုံသို့လည်းကောင်း၊   ညောင်ရွှေမြို့၊ ကန်သာယာ(၈) ရပ်ကွက်ရှိ ဒေသခံပြည်သူများအား မြို့လယ်ဓမ္မာရုံသို့လည်းကောင်း၊ ရပ်စောက်မြို့၊ ဇော်ဂျီရပ်ကွက်နှင့် ဥတ္တံတားရပ်ကွက်များရှိဒေသခံပြည်သူများအား ရပ်စောက်မြို့၊ မိုးလုံလေလုံအားကစားခန်းမနှင့် ဇော်ဂျီကွေ့ဓမ္မာရုံသို့လည်းကောင်းယာယီရွှေ့ပြောင်းနေထိုင်နိုင်ရေးအတွက် ကူညီရွှေ့ပြောင်းပေးခြင်း၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး ခြင်းနှင့်အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်းတို့ကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့်ဒေသခံတိုင်းရင်းသားများပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ  အင်တိုက် အားတိုက်  ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

အလားတူ  ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နှင့်မောက်မယ်မြို့တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် မြို့ပေါ်ရပ်ကွက်များမှ ဒေသခံပြည်သူများအား ရေဘေးလွတ်ရာနေရာများသို့ ယာယီရွှေ့ပြောင်းနေထိုင်နိုင်ရေးအတွက် ကူညီရွှေ့ပြောင်းပေးခြင်း၊ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခြင်းနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကိုတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊   ဌာနဆိုင်ရာအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ 

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်နိုင်ဦးနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး ရေဘေးသင့်ပြည်သူများ   ယာယီနေထိုင်နိုင်ရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက်လိုအပ်သည်များ   ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *