ချင်းပြည်နယ် ဖလမ်းမြို့ ဗလိုင်ရပ်ကွက် ဗဟိုကျောင်းလမ်းတစ်လျှောက်ရှိ အကြမ်းဖက်လုပ်ရပ်များကြောင့် ပျက်စီးသွားသည့် အပျက်အစီးများကို ယနေ့တွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ဖယ်ရှား ရှင်းလင်းခြင်း၊ သန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ ပြုလုပ်ကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦးသည် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များ၊ ဖလမ်းမြို့ပြန်လည်ထူထောင်ရေးနှင့်ပြန်လည် တည်ဆောက်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာ စုပေါင်းလုပ်အားပေးအင်အား ၂၅၂ ဦးကို မုန့်နှင့်အချိုရည်များပေးဝေကြသည်။
ထို့ပြင် အကြမ်းဖက်လုပ်ရပ်များကြောင့်ပျက်စီးသွားသည့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း အဆောက်အအုံအပျက်အစီးများနှင့်ချုံနွယ်များကို စက်ယန္တရားကြီးများဖြင့် ရှင်းလင်းဖယ်ရှားနေမှုနှင့် ကျောင်းအဆောက်အအုံ အကြီးစားပြုပြင်ရန်လိုအပ်မှုတို့ကိုကြည့်ရှုစစ်ဆေးသည်။ ညနေပိုင်းတွင် ဆူရ်ဘုန်လေဆိပ်ရှိ အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် လေဆိပ် အဆောက်အအုံများ၊ စက်ပစ္စည်းများနှင့် လေယာဉ်ပြေးလမ်းအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေး သည်။
အလားတူ တီးတိန်မြို့ ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်ဖွံ့ဖြိုးရေးကော်မတီဝင်များ၊ ဒေသခံပြည်သူများစုပေါင်း၍ မြို့မရပ်ကွက်၊ အထက(ခွဲ)ကျောင်းလမ်းနှင့် ချယ်ရီလမ်းတစ်လျှောက် သန့်ရှင်းရေးဆောင်ရွက်မှု၊ မြို့မရပ်ကွက် အစ်နား (Itna) ရေထွက်အနီးဝန်းကျင် ချုံနွယ်များခုတ်ထွင် ရှင်းလင်းမှု၊ ကမ်ဟောက်လမ်းမကြီးဘေးတွင် မြို့နယ်လမ်းဦးစီးဌာနမှ မြေထိန်းနံရံ တည်ဆောက်နေမှုတို့ ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ထို့အတူ တွန်းဇံမြို့ ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးကော်မတီ အတွင်းရေးမှူးသည် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများက လေးဆန် ရပ်ကွက်နှင့်ခေါဝုန်ရပ်ကွက်တို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။
