အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့က ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့နယ် ရွှေညောင်မြို့ မင်္ဂလာရွှေဘိုရပ် ကွက်နှင့် ရတနာရပ်ကွက်တို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ပြည်သူများ ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။
အဆိုပါ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးဆောင်ရွက်နိုင်ရန် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် တာဝန်ရှိသူများသည် ရေကြီးရေလျှံမှုဖြစ်ပွားသည့်ရွှေညောင်မြို့ နယ်မြေ(၁)မင်္ဂလာ ရွှေဘိုရပ်ကွက်သို့သွားရောက်ပြီး ပြည်သူများအားနေအိမ်မှ ရေဘေးလွတ်ရာနေရာသို့ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့်တာဝန်ရှိသူများ စုပေါင်း၍ Speed boat စက်လှေများဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုကြပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ရွှေညောင်မြို့ ကုန်းလှိုင်ဇေယျာသီရိဓမ္မာရုံ၌ ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိရာသို့ သွားရောက်ကြည့်ရှုပြီး ရေဘေးသင့်ပြည်သူများကို တွေ့ဆုံအားပေးစကားပြောကြားကာ ရေဘေးသင့်အိမ်ထောင်စု ၁၀၆ စုနှင့် လူဦးရေ ၃၈၈ ဦးကို စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကြသည်။
အဆိုပါ ရွှေညောင်မြို့ ကုန်းလှိုင်ဇေယျာသီရိဓမ္မာရုံ၌ အိမ်ထောင်စု၁၀၆ စု၊ လူဦးရေ ၃၈၈ ဦးခန့်ကို ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိပြီး မြို့နယ်ကျန်းမာရေးအဖွဲ့နှင့်တပ်မတော် ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ညောင်ရွှေမြို့ကန်သာယာ(၈)ရပ်ကွက်ရှိ ပြည်သူများအား မီးသတ်တပ်ဖွဲ့မှလှေများ၊ Speed boat စက်လှေများဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ကျီးဖြူကန်အားသွားရောက်ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မိုးအဆက် မပြတ် ရွာသွန်းမှုကြောင့် ကန်အတွင်းရှိရေများ သတ်မှတ်ရေအမြင့်ပေထက်ကျော်လွန် ရောက်ရှိခဲ့မှုအခြေအနေ၊ ယနေ့ညနေပိုင်းတွင် သတ်မှတ်ရေအမြင့်ပေသို့ ပြန်လည်ကျဆင်းနေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
ယင်းနောက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကြီးမြို့ အဆင်းလမ်းအင်ကြင်းတောင်အနီး၌ မြေပြိုကျမှုများဖြစ်ပွားခဲ့သဖြင့် စက်ယန္တရား များဖြင့်ဖယ်ရှားနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီးတာဝန်ရှိသူများအား လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းမှာကြားကြောင်းသိရသည်။
