နိုင်ငံတော်တည်ငြိမ်ရေးနှင့်နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကိုထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့ရှိ နယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့်ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ဂုဏ်ပြုကြိုဆိုကြသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများစိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့်အသက်အိုးအိမ်စည်းစိမ်ဥစ္စာလုံခြုံမှုရှိစေရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို နေ့မအား၊ ညမနား စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများနှင့်တက်ရောက်လာကြသူများကအောင်ပန်းကုံးများ၊ အောင်သပြေခက်များကမ်း၍ ဝမ်းမြောက်ဝမ်းသာစွာ သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ ထို့နောက် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ ဂုဏ်ပြုနေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။
