အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို တင်း ၁၀၀ ကျပ် ၁,၃၅၀,၀၀၀ အဖြစ် ယခင်နှစ်ထက် ကျပ် နှစ်သိန်း တိုးမြှင့် သတ်မှတ်

အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို ယခင်နှစ်က တင်း ၁၀၀ ကျပ် ၁,၁၅၀,၀၀၀ မှ ယခုနှစ်တွင် ကျပ် ၁,၃၅၀,၀၀၀ အဖြစ် ကျပ် နှစ်သိန်း တိုးမြှင့် သတ်မှတ်လိုက်ကြောင်း တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး၊ ဦးဆောင်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်သော တောင်သူလယ်သမားများ အတွက် သင့်တင့်မျှတသော ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်စေရေး စိုက်ပျိုးထုတ်လုပ်မည့် စပါးသီးနှံအတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယမန်နှစ် အောက်တိုဘာ ၃၁ ရက် သတ်မှတ်ချက်ထက် ကျပ် နှစ်သိန်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

သတ်မှတ်ချက်အရ အစိုဓာတ် (၁၄)% ရှိ၍ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် တစ်တင်း(၄၆)ပေါင်ကိုက် စပါးတင်း(၁၀၀)၏ အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို ၁,၃၅၀,ဝဝဝ ကျပ် သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်း စပါးဈေးနှုန်းအပေါ်တွင် ဖြစ်ပါကဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရန်နှင့် ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်း စပါးဈေးနှုန်းအောက်တွင် ဖြစ်ပါက အခြေခံဈေးနှုန်းအတိုင်း ဝယ်ယူရမည်ဖြစ်သည်။

ယခု သတ်မှတ်သော အခြေခံရည်ညွှန်းစပါးဈေးနှုန်းသည် ၂၀၂၆ ခုနှစ် မိုးစပါးနှင့် ၂၀၂၇ ခုနှစ် နွေစပါးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချရန်အခက်အခဲရှိသော တောင်သူလယ်သမားများအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ မြို့နယ်ကိုယ်စားလှယ်များသို့ဖြစ်စေ၊ အသင်းချုပ် ရုံးချုပ် (ဖုန်း ၀၁-၂၃၀၁၁၂၈၊ ၀၁-၂၃၀၁၁၂၉၊ ၀၁-၂၁၈၂၆၆) သို့ဖြစ်စေ ဆက်သွယ် နိုင်ကြောင်းလည်း တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး၊ ဦးဆောင်အဖွဲ့၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *