အင်ဒိုနီးရှားနိုင်ငံတွင် ယခုနှစ်အတွင်း တောမီးလောင်ကျွမ်းမှုများကြောင့် ဇန်နဝါရီလမှ စက်တင်ဘာလကုန်အထိ မြေဧရိယာ ဟက်တာ ၁၉ သိန်းကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဂြိုဟ်တုဓာတ်ပုံများကို အသုံးပြုစောင့်ကြည့် နေသည့် Nusantara Atlas အဖွဲ့က အောက်တိုဘာလ ၁၉ ရက်တွင် ထုတ်ပြန်သည်။
မီးလောင်ကာပျက်စီးသွားသည့် မြေဧရိယာစုစုပေါင်းမှာ ဟက်တာ၁၉၁၀၀၀၀ ကျော်ရှိပြီး ထိုပမာဏသည် လန်ဒန်မြို့၏ဧရိယာထက် ၁၂ ဆနီးပါးကြီးမားသည်။ မီးလောင်မှုအများစုမှာ ဇွန်လမှစတင်ကာ မိုးခေါင်မှု ပြင်းထန်သည့် ကာလတွင် ဖြစ်ပွားပြီး အားကောင်းသော အပူလွန်ရာသီဥတုဖြစ်စဉ်ကလည်း ထိုအခြေအနေကို ပိုမိုဆိုးရွားစေခြင်း ဖြစ်သည်။
ဂြိုဟ်တုဓာတ်ပုံများတွင် မီးခိုးမြူများကြောင့် မြေပြင်အခြေအနေကို တိတိကျကျမမြင်နိုင်သည့်အချိန်များ ရှိသကဲ့သို့ ဟက်တာ ၆ ဒသမ ၂၅ အောက်ရှိ မီးလောင်ဧရိယာငယ်များကိုလည်း ထည့်သွင်းတွက်ချက်ထားခြင်းမရှိကြောင်း အဖွဲ့ကိုတည်ထောင်သူ ဒေးဗစ်ဂါဗူးကပြောသည်။ ထို့ကြောင့် အမှန်တကယ်မီးလောင်ပျက်စီးသည့် မြေဧရိယာမှာ ယခုထုတ်ပြန်ထားသည့်ပမာဏထက် ပိုမိုများပြားနိုင်ကြောင်း ၎င်းကသုံးသပ်ထား သည်။
ယခုနှစ် စက်တင်ဘာလကုန်အထိ မီးလောင်ပျက်စီးသည့် ဧရိယာသည် ၂၀၁၉ ခုနှစ် အလားတူကာလထက် ၃၈ ရာခိုင်နှုန်း ပိုမိုများပြားနေသည်။ ၂၀၁၅ ခုနှစ်ကလည်း အင်ဒိုနီးရှားနိုင်ငံတွင် ပြင်းထန်သောတောမီးလောင်မှုများ ဖြစ်ပွားခဲ့သော်လည်း ထိုအချိန်ကအသုံးပြုသည့် ဂြိုဟ် တုစနစ်နှင့်ယခုစနစ်တို့ မတူညီသဖြင့် တိုက်ရိုက်နှိုင်းယှဉ်ကြည့်ရန် ခက်ခဲကြောင်းသိရသည်။ တောမီးများမှ ထွက်လာသည့် မီးခိုးမြူများသည် မလေးရှား၊ စင်ကာပူနှင့် အရှေ့တီမောနိုင်ငံတို့အထိပျံ့နှံ့သွားပြီး ဒေသအချို့တွင်စာသင်ကျောင်းများကိုပိတ်ရသည့် အခြေအနေအထိဖြစ်ပေါ်နေကြောင်းသိရသည်။ Ref: ST
