ဂျပန်နှင့် အမေရိကန်တို့သည် အောက်တိုဘာလ ၁၉ ရက်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်ပြီး ယင်းလေ့ကျင့်မှု အတွင်းတာဝေးပစ် ဒုံးကျည်အမျိုးအစားတစ်ခုကို အခြေစိုက်စခန်းပြင်ပ၌ ပထမဆုံးအကြိမ် ဖြန့်ကြက်မည်ဖြစ်ကြောင်း သိရသည်။
Keen Sword ဟု အမည်ပေးထားသည့် ထိုစစ်ရေးလေ့ကျင့်မှုကို ဂျပန်နိုင်ငံရှိ နေရာအများအပြား၌ အောက်တိုဘာလ ၂၉ ရက်အထိ ဆောင်ရွက်မည်ဖြစ်သည်။ အဆိုပါပူးတွဲလေ့ကျင့်မှုတွင် ဂျပန်တပ်ဖွဲ့ဝင်၄၅၀၀၀ ခန့်နှင့် အမေရိကန်တပ်ဖွဲ့ဝင် ၁၂၀၀၀ ခန့် ပါဝင်ပြီး နှစ်နိုင်ငံကြားအကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုများအနက် တစ်ခု ဖြစ်မည် ဖြစ်သည်။
ဂျပန်၏ ပူးတွဲစစ်ဦးစီးဌာနက တာဝေးပစ် Type 25 မြေပြင်မှ သင်္ဘောပစ် ပဲ့ထိန်းဒုံးကျည်များကို ကျူရှူးဒေသရှိ လေ့ကျင့်ရေးကွင်းတစ်ခု၌ ဖြန့်ကြက်မည်ဖြစ်ကြောင်း ယခင်က ထုတ်ပြန်ထားသည်။ ထိုဒုံးကျည်များသည် ၂၀၂၆ ခုနှစ် အစောပိုင်းတွင် ကူမာမိုတိုစီရင်စုသို့ ရောက်ရှိလာပြီးနောက် အခြေစိုက်စခန်းပြင်ပ၌ ပထမဆုံးအကြိမ် ဖြန့်ကြက်ခြင်း ဖြစ်သည်။အကွာအဝေး ကီလိုမီတာ ၁၀၀၀အထိ ပစ်ခတ်ရောက်ရှိနိုင်သည့် ထိုဒုံးကျည်များသည် ထိုင်ဝမ်ကျွန်းအနီး ရေပြင်များအထိ ရောက်ရှိနိုင်ကြောင်း သိရသည်။ Ref: ST
