တနင်္သာရီတိုင်း ဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှု ဖြစ်ပွားခဲ့သည့် နေရာများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

 မြန်မာနိုင်ငံအတွင်း   ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)၏ အရှိန်ကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း စက်တင်ဘာလ  ၂၆ ရက် ညနေပိုင်းမှစတင်၍   မိုးသည်းထန်စွာအဆက် မပြတ်ရွာသွန်းပြီး မြို့နယ်အချို့တွင် မြစ်ရေဝင်ရောက်မှု ဖြစ်ပွားခဲ့သည့်အပြင် ထားဝယ်- လောင်းလုံး – ကျောက်နီမော် – ရှင်မော်လမ်းမကြီးပေါ်ရှိ နေရာအချို့တွင် ရေကျော်ခြင်း၊   မြေပြိုကျ၍   လမ်းပိတ်ခြင်းနှင့် လမ်းပေါ်ရှိ တံတားများတွင် အမှိုက်များပိတ်ဆို့ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

    အဆိုပါ ထားဝယ် – လောင်းလုံး – ကျောက်နီမော် – ရှင်မော်လမ်းမကြီးပေါ်ရှိ ပြိုကျ၍ လမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့သည့်နေရာများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျေးရွာရပ်ကွက်များတွင်ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊တိုင်းဒေသကြီးအစိုးရအဖွဲ့မှ  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ ပါဝင်သော ကူညီကယ်ဆယ်ရေးများသည် လူအင်အား၊ စက်ယန္တရားများအသုံးပြု၍ အပျက်အစီးများ ဖယ်ရှားခြင်း၊ သစ်ပင်သစ်ကိုင်းများ   ခုတ်ထွင်ရှင်းလင်းခြင်း၊ လမ်းပေါ်ရှိ မြေစိုင်ခဲများ ဖယ်ရှားခြင်းများ ဆက်လက်ဆောင်ရွက်ပေးပြီး သောက်သုံးရေများဖြန့်ဝေပေးသည်။

    ထို့ပြင် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များက လောင်းလုံးမြို့ဝန်းကျင်ဒေသရှိ  သဗျာ၊ ပညှင်း၊ ညှင်းမှော်၊ ပြင်းထိန်၊ ပိန်းရှောင်၊ စန်းလှမ်း၊ အင်းဇောက်၊ ပဉ္စသီမော်ကျေးရွာတို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ 

    ထိုသို့ ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

   

Leave a Reply

Your email address will not be published. Required fields are marked *