အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးဆွေးနွေး

ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ မြစ်ကြီးနားမြို့ စန်းကားယာယီနေရပ်စွန့်ခွာစခန်း၌ အောက်တိုဘာလ ၁၁ ရက်နေ့နံနက်ပိုင်းတွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။

အသိပညာပေးဟောပြောပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အယ်လ်နီညိုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးဖြစ်စဉ်များကို ကာကွယ်နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့က ကြိုတင်ပြင်ဆင်ဆောင်ရွက်နေသကဲ့သို့ ပြည်သူများကလည်း သိရှိနားလည်ပြီး ပူးပေါင်းပါဝင်နိုင်ရန်လိုအပ်ကြောင်း၊ ထို့အတူ ကျရောက်လာသည့်ဘေး အန္တရာယ်အပေါ် ရင်ဆိုင်တုံ့ပြန်ရာတွင်လည်း ပြည်သူ၊ အစိုးရပူးပေါင်းခြင်းအားဖြင့် ထိခိုက်မှုအနည်းဆုံးနှင့် အကောင်း ဆုံး ရင်ဆိုင်တုံ့ပြန်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက အယ်လ်နီညိုဖြစ်စဉ်နှင့်စပ်လျဉ်း၍ အယ်လ်နီညိုဖြစ်ပေါ်လာပုံ၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေ၊ ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာနိုင်မှုအပေါ် အလေးထားလိုက်နာနေထိုင်ရမည့် အသိပညာများကို ဆွေးနွေးကြရာ စခန်းနေအိမ်ထောင်စုများက သိရှိလိုသည်များ၊ လိုအပ်ချက်များကို တင်ပြဆွေး‌နွေးကြသည်။ ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ရေပြတ်လပ်မှု မရှိစေရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေး စီစဉ်ထားရှိမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် စခန်းနေမိသားစုများကို ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ဝင်များနှင့်အတူ အယ်လ်နီညိုဖြစ်စဉ်နှင့် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်သိရှိလိုက်နာရမည့်အချက်အလက်များ ပါဝင်သည့်အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *