မျှစ် က အသားဓာတ်ကြွယ်ဝပါတယ်။ အသားဓာတ်၊ ကစီဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်၊ phytosterols,phenols နဲ့ အဆီအနည်းဆုံးပါဝင်တဲ့ စားစရာတစ်ခုပါ။ မျှစ်ကတော့ အာရှဟင်းလျာတွေမှာ အသုံးအများဆုံးဖြစ်ပြီး ပုံစံအမျိုးမျိုး၊ ဟင်းလျာအမျိုးမျိုးနဲ့ အာရှသားတို့ကြိုက်ကြတဲ့ ရာသီစာဖြစ်ပါတယ်။ ရာသီချိန်တင်မကဘဲ အချိန်မရွေးစားသုံးနိုင်အောင် အချဉ်တည်ပြီး သိုလှောင်ကြပါတယ်။
ရိုးရာနည်းလမ်း(၁)
စဉ့်အိုး (သို့) ကျောက်စည် (သို့) ခြင်းကြားထဲမှာ ကျွန်းရွက်၊ ဒါမှမဟုတ် ပလတ်စတစ်စကို သုံးပြီး လေလုံအခန်းငယ်တစ်ခုပြုလုပ်ပါတယ်။ သန့်စင်ပြီးသားမျှစ်တွေကို ဖိသိပ်ထည့်ပြီး လေလုံအောင်ထုတ်ထားလိုက်ပါတယ်။ ကြပ်ကြပ်လေးဖြစ်ဖို့ ဖိပြီးထည့်ရပါမယ်။ ထည့်စရာရဲ့ အခြေမှာတော့ အရည်တွေထွက်ဖို့ အပေါက်ငယ်ထားရှိပေးရမှာပါ။။ ၅-၈ လကြာတဲ့အခါ ထုတ်ယူလို့ရရှိပြီဖြစ်ပါတယ်။
ရိုးရာနည်းလမ်း(၂)
နောက်တစ်နည်းကတော့ အဆင့်(၂)ဆင့်ပါ။ မျှစ်တွေကို အနေတော် အတုံးလေးတွေပိုင်းဖြတ်ပြီး သန့်စင်ပါ။ ပလတ်စတစ်အိတ်အကြီးကြီး (သို့) ပလတ်စတစ်ဘူးထဲကို မျှစ်တွေထည့်လိုက်ပါ။ ရေကို မျှစ်တွေမြုပ်တဲ့အထိ ထည့်လိုက်ပါ။ (၇-၈) ရက်ကြာတဲ့အခါမှာ ထုတ်ယူပြီး အခြားပလတ်စတစ်အိတ်တစ်ခုထဲမှာ (၁၀-၁၅)ရက်ကြာတဲ့အထိ ကြပ်နေအောင် ထုတ်ထားလိုက်ပါ။ ရက်စေ့ရင်တော့ ဝါးနဲ့ရက်လုပ်ထားတဲ့ ခြင်းထဲကို ပြောင်းသိပ်ပါ။ ပလတ်စတစ်စနဲ့ ဖုံးထားလိုက်ပြီး အပေါ်ကနေ အုတ်ခဲ ကျောက်ခဲတွေဖိထားလိုက်ပါ။ ၃-၄ လထားလိုက်ပါ။ ကြာကြာထားနိုင်လေ အရည်အသွေးကောင်းလေပဲဖြစ်ပါတယ်။၅-၆နှစ်အထိထားပြီး အကောင်းဆုံး အရည်အသွေးကိုရယူပါလို့လည်း အကြံပေးထားတာတွေတွေ့ရပါတယ်။ ၆ လမှ ၁ နှစ်အတွင်း အချဉ်တည်ထားတဲ့မျှစ်တွေက စျေးအကောင်းဆုံးရကြတယ်လို့လည်း ပြောပါတယ်။
ဒီလိုအချဉ်တည်ပြီးရရှိတဲ့မျှစ်တွေကိုတော့ နေပူခြောက်လှမ်းလို့ပဲဖြစ်ဖြစ် ။ မီးကင်ပြီးပဲဖြစ်ဖြစ် အခြောက်ပြုလုပ်ထားလို့ ရပါသေးတယ်နော်။
ရိုးရာနည်းလမ်း (၃)
ဒီနည်းလမ်းကတော့ အိမ်မှာ ပလတ်စတစ်ဘူးနဲ့ လွယ်လွယ်ကူကူလုပ်ခြင်းပါ။ သန့်စင်ပြီးတဲ့မျှစ်တွေကို အပိုင်းလေးတွေပိုင်းပြီး ပလတ်စတစ်ဘူးထဲကို ရေမြုပ်အောင်ထည့်ပြီးသိမ်းထားခြင်းဖြစ်ပါတယ်။ ၉-၁၀ ရက်ကြာတဲ့အခါ စားလို့ရပါပြီ။ တစ်နှစ်ကနေ တစ်နှစ်ခွဲအထိထားနိုင်ပါတယ်။ အသား၊ ငါးတွေနဲ့ ရောချက်ပြီး ကောင်းမွန်တဲ့ဟင်းတစ်ခွက် ဖန်တီးနိုင်ပါတယ်။
မျှစ်ချဉ်ထည့်ရာမှာ ရလာတဲ့အရည်ကိုတော့ အသားငါးတွေချက်တဲ့အခါ ပြန်သုံးကျပြီး ကောင်းမွန်တဲ့အရသာရှိဖို့ မဖြစ်မနေကို အသုံးပြုကြပါတယ်တဲ့။
ရိုးရာနည်းလမ်း(၄)
ဒီနည်းလမ်းကတော့ ဝါးဆစ်ထဲမှာ သိပ်တဲ့နည်းပါ။ သန့်စင်ပြီးသားမျှစ်တွေကို ပါးပါးလှီးပြီး ဝါးဆစ်ထဲကိုထည့်ပါ။ ဝါးဆစ်ဝကို ဝါးရွက် သို့မဟုတ် အဝတ်စနဲ့စို့ပါ။ အချဉ်တည်နေတုန်း အရည်တွေစိမ့်ထွက်နိုင်အောင် ဝါးဆစ်ကို ဇောက်ထိုးအနေအထားထားလိုက်ပါ။၁၀-၁၅ရက်ကြာတဲ့အခါမှာ စားသုံးလို့ရပါပြီ။
ရိုးရာနည်းလမ်း(၅)
မြေကျင်းတူးပြီး သိပ်တဲ့နည်းပါ။ ဝါးခြင်းထဲကို မျှစ်တွေထည့်ပြီး တူးထားတဲ့ကျင်းထဲကိုမြှုပ်ပါ။ သစ်ရွက် အထပ်ထပ်ဖုံးထားပြီး အရည်ထွက်သွားအောင် ကျောက်ခဲတွေဖိထားရပါမယ်။ ၂-၃ လ ကြာတဲ့အခါရပါပြီ။
ရိုးရာနည်းလမ်း(၆)
နည်းလမ်း (၅) အတိုင်းကို မှ ၂-၃ ကြာတဲ့အခါ ထုတ်ရပါမယ်။ ထုတ်ယူရရှိပြီးမျှစ်တွေကို ၇-၁၀ ရက်အကြာထိ နေလှန်းရပါမယ်။။ အခြောက်လှန်းတာမို့ တစ်နှစ်ပတ်လုံး အသိမ်းခံတဲ့ အချဉ်တည်းနည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။
အချဉ်ဖောက်ခြင်းဖြစ်စဉ်မှာပါဝင်တဲ့ မိုက်ခရုပ်အမျိုးအစားတွေအလိုက် မျှစ်ချဉ်ရဲ့ အာနိသင်တွေက ကွာသွားပါတယ်။ အနံ့၊ အရသာ၊ အချဉ်စူး၊ မစူးတွေလည်း ကွာကြပါတယ်။ အိမ်ရှင်မတို့ ဗဟုသုတရစေဖို့ ဖော်ပြပေးလိုက်ပါတယ်။
