ကမ္ဘာတဝန်းတွင် ရာသီဥတုပြောင်းလဲမှု (climate change) နှင့် အရင်းအမြစ်များရှားပါးလာမှု(resource scarcity) ပြဿနာများကို ကြုံတွေ့ရသည့် အကြိမ်ရေ ပိုမိုမြင့်မားလာနိုင်သကဲ့သို့၊ ယင်းတို့၏ သက်ရောက်မှုမှာလည်း ပိုမိုပြင်းထန်လာဖွယ်ရှိနေသည်ကို သိရှိထားကြပြီး ဖြစ်ပါသည်။ ယင်းတို့၏ အကျိုးဆက်အနေဖြင့် စားနပ်ရိက္ခာထုတ်လုပ်ရေးကဏ္ဍတွင် မသေချာမရေရမှု (uncertainty) ကို ပိုမိုမြင့်မားလာစေပြီး အခြားသော ဘေးဒုက္ခ (risk) များပါ ဖြစ်ပေါ်လာရန် ဦးတည်လျက်ရှိပါသည်။ သို့ဖြစ်ရာ စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် မဖြစ်မနေကြုံတွေ့လာနိုင်သည့် ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များကို လျှော့ချနိုင်ရေးအတွက် ကြိုးပမ်းရမည်ဖြစ်သကဲ့သို့၊ အခြားတစ်ဖက်တွင်လည်း ယင်းဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးအရ ဆုံးရှုံးမှုများကို ကြိုတင်ကာကွယ်ထားနိုင်မည့် အစီအမံများ ကြိုတင်စီမံ ထားရှိရန် လိုအပ်လာပါသည်။ ယင်းအစီအမံများအနက်မှ ထိရောက်သည့် အစီအမံတစ်ခုမှာ စိုက်ပျိုးမွေးမြူရေးအာမခံစနစ် ဖြစ်ပါသည်။
ထိုကဲ့သို့ စိုက်ပျိုးမွေးမြူရေးအာမခံစနစ် အစီအမံပိုင်းတွင် တရုတ်နိုင်ငံသည် အလွန်လျင်မြန်သည့် အရှိန်ဖြင့် ဖွံ့ဖြိုးလျက်ရှိနေပါသည်။ စိုက်ပျိုးမွေးမြူရေးအာမခံလုပ်ငန်းဈေးကွက်တွင် တရုတ်နိုင်ငံသည် အမေရိကန် ပြည်ထောင်စု၏ နောက်မှကပ်လျက် ကမ္ဘာ့ဒုတိယအကြီးဆုံး ဈေးကွက်အဖြစ် ရပ်တည်လျက်ရှိပါသည်။
ကမ္ဘာ့လူဦးရေ၏ ၂၁ ရာခိုင်နှုန်း မှီတင်းနေထိုင်နေသည့် တရုတ်နိုင်ငံ၏ စိုက်ပျိုးနိုင်သောမြေဧရိယာအကျယ်အဝန်းမှာ တစ်ကမ္ဘာလုံးရှိ စိုက်ပျိုးနိုင်သောမြေဧရိယာစုစုပေါင်း၏ ၉ ရာခိုင်နှုန်းရှိသော်လည်း တစ်ကမ္ဘာလုံး ကောက်ပဲသီးနှံထုတ်လုပ်မှု၏ ၁၈ ရာခိုင်နှုန်းကိုလည်းကောင်း၊ အသားထုတ်လုပ်မှု၏ ၂၉ ရာခိုင်နှုန်းကိုလည်းကောင်း၊ ဟင်းသီးဟင်းရွက်ထုတ်လုပ်မှု၏ ၅၀ ရာခိုင်နှုန်းကိုလည်းကောင်း၊ တရုတ်နိုင်ငံက ထုတ်လုပ်နေလျက်ရှိပါသည်။ အကြမ်းဖျဉ်းအားဖြင့် ကမ္ဘာ့စားနပ်ရိက္ခာထုတ်လုပ်မှု စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံက ထုတ်လုပ်ပေးနေခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။
တရုတ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးအာမခံစနစ်၏ သမိုင်းကြောင်းကို လေ့လာကြည့်ပါက အဓိကအဆင့် ၃ ဆင့်ဖြင့် ဖွံ့ဖြိုးပြောင်းလဲလာသည်ကို လေ့လာတွေ့ရှိရမည် ဖြစ်ပါသည်။
(၁) အစိုးရကဦးဆောင်သော အာမခံစနစ် (Initial phase government led mode)
တရုတ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး အာမခံစနစ်၏ ကနဦးအဆင့်တွင် အာမခံလုပ်ငန်းကဏ္ဍကို အစိုးရက တိုက်ရိုက်ဦးဆောင်ပါသည်။ ယင်းစနစ်ကို ၁၉၈၂ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉၉၂ ခုနှစ်အထိ ဆယ်နှစ်ကြာ ကျင့်သုံးခဲ့ပါသည်။ စိုက်ပျိုးမွေးမြူရေးအာမခံလုပ်ငန်းအပါအဝင် အာမခံလုပ်ငန်းများအားလုံးကို နိုင်ငံတော်ပိုင်လုပ်ငန်း (state owned enterprise) တစ်ခုဖြစ်သည့် တရုတ်နိုင်ငံတော် ပြည်သူ့အာမခံကုမ္ပဏီ (People’s Insurance Company of China – PICC) တစ်ခုတည်းက လုပ်ကိုင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။
(၂) ဈေးကွက်ကို ဦးဆောင်ခွင့်ပေးသော အာမခံစနစ် (Market led mode)
တရုတ်နိုင်ငံအနေဖြင့် ဈေးကွက်စီးပွားရေးကို ဖော်ဆောင်လာသည်နှင့်အမျှ အစိုးရက တိုက်ရိုက်စီမံခန့်ခွဲသည့် နိုင်ငံတော်ပိုင်လုပ်ငန်းများကို စီးပွားရေးလုပ်ငန်း (commercial company) များအဖြစ်သို့ အသွင်ပြောင်းလဲလာပါသည်။ ထိုအထဲတွင် PICC သည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။ ၁၉၉၃ ခုနှစ်တွင် PICC သည် နိုင်ငံတော် ပိုင်ဖြစ်သော်လည်း ပုဂ္ဂလိက အာမခံကုမ္ပဏီများကဲ့သို့ လွတ်လပ်စွာ လည်ပတ်ဆောင်ရွက်ရသည့် စီးပွားရေးလုပ် ငန်း (commercial insurance company) အဖြစ်သို့ ပြောင်းလဲလာခဲ့ပါသည်။
အစိုးရရုံးဌာန တစ်ခုအဖြစ်မှ စီးပွားရေးလုပ်ငန်းကြီးတစ်ခုအဖြစ်သို့ အသွင်ပြောင်းလဲလာသည့် PICC ၏ ဦးတည်ချက်မှာ “အမြတ်အစွန်းရရှိရေး” ဖြစ်လာပါသည်။ ကုမ္ပဏီတွင် အာမခံလုပ်ငန်းခွဲများစွာ ရှိသည့်အနက် စိုက် ပျိုးမွေးမြူရေးအာမခံလုပ်ငန်းသည်လည်း အခြားဌာနခွဲများနည်းတူ ဌာနခွဲတစ်ခုအဖြစ် ဆက်လက် ရပ်တည်ရပါသည်။ ဌာနခွဲအားလုံးသည် အမြတ်အစွန်းအတွက် ဈေးကွက်ကိုသာ လုံးဝမှီခိုကြရပါသည်။ အစိုးရအနေဖြင့် ယခင် ကကဲ့သို့ စိုက်ပျိုးမွေးမြူရေးအာမခံလုပ်ငန်းက ကြုံတွေ့ရသည့် အရှုံးကို စိုက်ထုတ်ဖြေရှင်းပေးခြင်း မပြုလုပ်တော့ပါ။ ယင်းစနစ်ကို ၂၀၀၃ ခုနှစ်အထိ ၁၀ နှစ်ကြာ ကျင့်သုံးခဲ့ပါသည်။ ယင်းကာလအတွင်း စိုက်ပျိုးမွေးမြူရေး အာမခံလုပ်ငန်းမှာ သိသိသာသာသေးကျုံ့လာပြီး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအများစုမှာလည်း အခက်အခဲများနှင့် ရင်ဆိုင် ကြုံတွေ့လာကြရပါသည်။
(၃) အစိုးရနှင့် ဈေးကွက် ပူးပေါင်းဆောင်ရွက်သောစနစ် (Government-market cooperation mode)
ဗဟိုအစိုးရနှင့် ဒေသဆိုင်ရာအစိုးရများကလည်း စိုက်ပျိုးမွေးမြူသူများ ပေးဆောင်ရမည့် စိုက်ပျိုမွေးမြူရေးအာမခံ ပရီမီယံကြေးများကို အတိုင်းအတာကြီးကြီးမားမား စိုက်ထုတ်ပေးဆောင်လာသည်။ အခြားတစ်ဖက်တွင် ပုဂ္ဂလိက အာမခံလုပ်ငန်းများ ဖွံ့ဖြိုးလာပြီး ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုများဖြစ်ပေါ်ကာ စိုက်ပျိုးမွေးမြူသူများအတွက် အခွင့်အရေးများ ပိုမိုရရှိလာကြသည်။ ၂၀၂၀ ခုနှစ်အရောက်တွင် စိုက်ပျိုးမွေးမြူရေး အာမခံပရီမီယံကြေး ဝင်ငွေမှာ တရုတ်ယွမ်ငွေ ၈၁,၅၀ ဘီလီယံ အထိ ရောက်ရှိလာသည်။ အိမ်ထောင်စုပေါင်း ၁၈၉ သန်းအတွက် စိုက်ပျိုးမွေးမြူရေး အာမခံ အကာအကွယ် ရယူထားနိုင်ခဲ့ပြီး ယင်းအိမ်ထောင်စုများအတွက် စိုက်ပျိုးမွေးမြူရေး အာမခံအကာအကွယ်ပေးရမည့် ပမာဏ စုစု ပေါင်းမှာ တရုတ်ယွမ်ငွေ ၄.၁၃ ထရီလီယံ ဖြစ်ပါသည်။ လက်တွေ့ အန္တရာယ်ရင်ဆိုင်ခဲ့ရသည့် မိသားစုပေါင်း ၅၁ သန်းအတွက် အာမခံလျော်ကြေးငွေ ၆၁.၆၆ ဘီလီယံ (အမာခံကြေးရငွေ၏ ၇၅.၆၅ ရာခိုင်နှုန်း) ပေးလျော်ခဲ့သည်ဟုလည်း သိရပါသည်။
အနှစ်ချုပ် နှိုင်းယှဉ်ချက်
တင်ပြခဲ့သော အဆင့် ၃ ဆင့် (စနစ် ၃ မျိုး) တွင် ဈေးကွက်ကို ဦးဆောင်ခွင့်ပေးသော အာမခံစနစ် (Market led mode) သည် အစိုးရ၏ ပါဝင်ပတ်သက်မှု လုံးဝမရှိဘဲ ပုဂ္ဂလိကအာမခံ လုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်စေသည့် စနစ်ဖြစ်ပြီး၊ ယင်းအာမခံလုပ်ငန်းများ၏ အမြတ်အစွန်းရရှိရေးကိုသာ ဦးတည်ထားသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။ ထို့ကြောင့် အာမခံလုပ်ငန်းကုမ္ပဏီများက အောင်မြင်နိုင်သော်လည်း၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍမှ လုပ်ငန်းများ အာမခံအကာအကွယ်ရရှိနိုင်မှု လွန်စွာနည်းပါးသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။ ထို့ကြောင့် စိုက်ပျိုး မွေးမြူရေးကဏ္ဍအတွက် အာမခံစနစ်ကို ဆောင်ရွက်မည်ဆိုပါက ယင်းလုပ်ငန်း၏ ပင်ကိုယ်သဘာဝအရ ပုဂ္ဂလိက အာမခံကုမ္ပဏီများ သီးသန့်ဆောင်ရွက်ရန် မလွယ်ကူသည်ကို သတိပြုနိုင်မည် ဖြစ်ပါသည်။ တနည်းအားဖြင့်ဆိုသော် စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် အာမခံစနစ် အကောင်အထည်ဖော် ဆောင်ရွက်လိုပါက အစိုးရ၏ စိုက် ထုတ်သုံးစွဲမှု (Subsidies) မဖြစ်မနေ လိုအပ်မည် ဖြစ်ပါသည်။
အစိုးရကဦးဆောင်သော အာမခံစနစ် (Initial phase government led mode) နှင့် အစိုးရနှင့် ဈေးကွက် ပူးပေါင်းဆောင်ရွက်သော စနစ် (Government-market cooperation mode) တို့သည့် စိုက်ပျိုးမွေးမြူရေးအာမခံစနစ်အတွက် အစိုးရက စိုက်ထုတ်သုံးစွဲပေးသည့် စနစ်များ ဖြစ်ပါသည်။ သို့ရာတွင် စိုက်ထုတ်သုံးစွဲပုံ ကွာခြားသည် ကို တွေ့ရှိရမည် ဖြစ်ပါသည်။
အစိုးရကဦးဆောင်သော အာမခံစနစ်တွင် အာမခံကုမ္ပဏီက စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် အာမခံဝန်ဆောင်မှုကို ပုဂ္ဂလိကအာမခံကုမ္ပဏီများကဲ့သို့ပင် ဝန်ဆောင်မှုပေးပြီး ဖြစ်ပေါ်လာသည့် အာမခံကုမ္ပဏီ၏ အရှုံးကို အစိုးရက စိုက်ထုတ်ပေးလျော်ကာ ယင်းအာမခံကုမ္ပဏီကို ကယ်တင်ပေးသည့်စနစ် ဖြစ်ပါသည်။ ယင်းစနစ်သည် စိုက်ပျိုးမွေးမြူသူများအတွက် အဆင်ပြေသော်လည်း အာမခံလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးလာရေးကို အထောက်အကူ မပြုနိုင်သည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။ အစိုးရက လုပ်ငန်းအားလုံးကို ချုပ်ကိုင်ဆောင်ရွက်ပြီး ဈေးကွက် မရှိချိန်တွင် ယင်းစနစ်က အထိုက်အလျောက် အလုပ်ဖြစ်နိုင်သော်လည်း ဈေးကွက်စီးပွားရေးစနစ်တွင် ယင်းနည်းလမ်းကို အသုံးပြုရန် မလွယ်ကူပါ။
အစိုးရနှင့် ဈေးကွက် ပူးပေါင်းဆောင်ရွက်သော စနစ်တွင် အာမခံကုမ္ပဏီများအနေဖြင့် ယင်းတို့၏ လုပ်ငန်းကို အခြားအာမခံများအတိုင်း ပုံမှန်လည်ပတ်ဆောင်ရွက်နိုင်ပါသည်။ စိုက်ပျိုးမွေးမြူရေး အာမခံလုပ်ငန်းကို ဆောင်ရွက်သဖြင့် ဆုံးရှုံးစရာလည်း မရှိပါ။ အရေးကြီးသည်မှာ စိုက်ပျိုးမွေးမြူရေးသမားများက အာမခံအကာအကွယ်များ ဝယ်ယူရန်ပင် ဖြစ်ပါသည်။
ထိုအခြေအနေတွင် စိုက်ပျိုးမွေးမြူရေးသမားများက အာမခံအကာအကွယ်များ ဝယ်ယူနိုင်ရန်အတွက် အစိုးရက ကြီးကြီးမားမားစိုက်ထုတ်သုံးစွဲပေးလိုက်ခြင်းဖြင့် အာမခံလုပ်ငန်း ဖွံ့ဖြိုးလာသလို စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက်လည်း ထိရောက်စွာ ကာကွယ်ပေးနိုင်မည် ဖြစ်ပါသည်။
“အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်”
