အမေရိကန်ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘောတွေပေါ်မှာအသုံးပြုမယ့် မောင်းသူမဲ့ဝေဟင်ဆီဖြည့်ဒရုန်းဖြစ်တဲ့ MQ-25A Stingray ကို Boeing က အစီးရေ အနည်းငယ်နဲ့ စတင်ထုတ်လုပ်မှာဖြစ်ပါတယ်။ အမေရိကန်ရေတပ်က Boeingကို ဒေါ်လာ ၅၆၂ သန်းတန် စာချုပ်ပေးအပ်ခဲ့ပြီး ပထမအသုတ်အနေနဲ့ MQ-25 သုံးစင်းထုတ်လုပ်မှာဖြစ်သလို နောက်ထပ်သုံးစင်းအတွက် လိုအပ်တဲ့အစိတ်အပိုင်းတွေကိုလည်း ကြိုတင်မှာယူထားပါတယ်။ အမေရိကန်ရေတပ်က ဝေဟင်ဆီဖြည့်ဒရုန်းပထမအသုတ်ကို ၂၀၂၉ ခုနှစ်မှာ စတင်လက်ခံရရှိဖို့ မျှော်မှန်းထားပါတယ်။
MQ-25 ရဲ့ အဓိကတာဝန်က လေယာဉ်တင်သင်္ဘောပေါ်က တိုက်လေယာဉ်တွေကို လေထဲမှာလောင်စာဆီ ဖြည့်ပေးဖို့ဖြစ်ပါတယ်။ လက်ရှိဒီတာဝန်ကို F/A-18E/F Super Hornet တိုက်လေယာဉ်တွေကတစ်စိတ်တစ်ပိုင်း ထမ်းဆောင်နေရတာကြောင့် MQ-25 ကိုအသုံးပြုလာနိုင်ရင် တိုက်လေယာဉ်တွေကို တခြားတိုက်ခိုက်ရေး တာဝန်တွေ အတွက် ပိုမိုအသုံးချနိုင်မှာပါ။ MQ-25 ကိုယ်တိုင်တက်၊ ပျံသန်း၊ ဆင်းသက်နိုင်ပြီး လောင်စာဆီ ပေါင် ၁၄၀၀၀ ကျော်ကို ရေမိုင် ၅၀၀ အကွာအဝေးအထိပို့ဆောင်ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။အမေရိကန်ရေတပ်ကစုစုပေါင်း MQ-25အစီးရေ ၇၆ စင်းအထိရရှိဖို့စီစဉ်ထားပါတယ်။
