“နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်” ဟူသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက်များကို လက်တွေ့အကောင်အထည်ဖော်ခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၅)တွင် မိမိဆန္ဒအလျောက် စိတ်အားထက်သန်စွာ ပါဝင်စာရင်းပေးသွင်းပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးတာဝန်များကို နိုင်ငံ့သားကောင်းများပီသစွာ စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြသော ပြည်သူ့စစ်မှုထမ်းများသည် ယခုအခါ သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ခဲ့ပြီဖြစ်သည်။ အလားတူ ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်နေသူ၏ မိဘနှစ်ပါးစလုံးသည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂၀ ထက်မနည်း တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါက လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်အငြိမ်းစားယူခဲ့ သူဖြစ်ပါကလည်းကောင်း အဆိုပါ ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်လျက်ရှိသူအား ဥပဒေအရ ၎င်းထမ်းဆောင်ရမည့် ပြည်သူ့စစ်မှုထမ်းရန်ကာလ၏ တစ်ဝက်အထိ လျော့ပေါ့ပေးလျက်ရှိသည်။ ထို့အတူ ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်နေသူ၏မိဘနှစ်ပါးအနက် တစ်ဦးဦးသည် နိုင်ငံဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂၀ထက်မနည်း တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါကလည်းကောင်း၊ နိုင်ငံဝန်ထမ်းအဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီး သက်ပြည့်အငြိမ်းစားယူခဲ့သူဖြစ်ပါကလည်းကောင်း အဆိုပါ ပြည်သူ့စစ်မှု ထမ်းတာဝန်ထမ်ဆောင်လျက်ရှိသူအား ဥပဒေအရ ၎င်းထမ်းဆောင်ရမည့် ပြည်သူ့ စစ်မှုထမ်းရန်ကာလ၏သုံးပုံ တစ်ပုံအထိ လျော့ပေါ့ပေးလျက်ရှိသည်။
ထိုသို့ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၅)မှ ပြည်သူ့စစ်မှုထမ်းများနှင့် ပြည်သူ့စစ်မှုထမ်းကာလ လျော့ပေါ့ခွင့်ရရှိကြသည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၃)မှ နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ် ပုံစံ(၁၂) ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားများကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သတ်မှတ်စစ်မှုထမ်းကာလကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးမြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များ တက်ရောက်ကြသည်။
အခမ်းအနားများတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များနှင့် တိုင်းမှူးများက ဂုဏ်ပြုအမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်၍ သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ခဲ့သည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်၊ ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများအား လက်ဖက်ရည်ဝိုင်းများ၊ ဂုဏ်ပြုနေ့လယ်စာများဖြင့် တည်ခင်းဧည့်ခံခဲ့၍ နိုင်ငံ့သား ကောင်းစစ်သည်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများနှင့် ပြည်သူ့စစ်မှုထမ်းကာလ လျော့ပေါ့ခွင့်ရရှိကြသည့် ပြည်သူ့စစ်မှုထမ်းများအနေဖြင့် ၎င်းတို့၏ဘဝတွင် နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု၊ စည်းကမ်းလိုက်နာမှုနှင့် ကိုယ်ကျိုးမဖက်စွန့်လွှတ်အနစ်နာခံမှုတို့ဖြင့် ပေးအပ်လာသော နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်ခဲ့ကြသူများအဖြစ်လည်းကောင်း၊ နိုင်ငံကြီးသားပီသစွာဖြင့် ဥပဒေပါတာဝန်များကို ကျေပွန်ခဲ့ကြသူများအဖြစ်လည်းကောင်း သမိုင်းဝင် ကမ္ဗည်းမော်ကွန်းထိုးမှတ်တမ်းဝင်ခဲ့ကြပြီဖြစ်သည်။ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့်လည်း ၎င်းတို့စစ်မှုထမ်းဆောင်စဉ် ကာလတစ်လျှောက်တွင် ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များ၊ လစာ၊ ရိက္ခာနှင့် အခြားထောက်ပံ့မှုများရရှိစေရေးအတွက် စနစ်တကျ ဆောင်ရွက်ပေးခဲ့သည့်အပြင် နိုင်ငံတော်အတွက် လိုအပ်နေသည့်အချိန်တွင် အသက်ကိုပဓာနမထားဘဲ နိုင်ငံ့အကျိုးအတွက် တပ်မတော်၏အရန်အင်အားအဖြစ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့မှုအပေါ် နိုင်ငံတော်နှင့် တပ်မတော်က တန်ဖိုးထားလေးစားဂုဏ်ပြုလျက်ရှိသည်။
ပြည်သူ့စစ်မှုထမ်းများသည် သတ်မှတ်စစ်မှုထမ်းကာလပြီးဆုံးပါက မိမိသဘောဆန္ဒအလျောက် တပ်မတော်တွင် ဆက်လက်အမှုထမ်းဆောင်လိုပါက ထမ်းဆောင်နိုင်ခြင်း၊ ကုမ္ပဏီဝန်ထမ်းဖြစ်ပါက ယခင်အလုပ်အကိုင်(သို့) အလားတူ ရာထူးအတိုင်း ပြန်လည်ခန့်အပ်ခံရခြင်းနှင့် နိုင်ငံတော်မှပေးအပ်ချီးမြှင့်သည့် ထိုက်သင့်သော အကျိုးခံစားခွင့်များကို ရရှိမည်ဖြစ်သည်။
ထို့ပြင် သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ပြီးသူများအနေဖြင့် အလုပ်အကိုင်ရရှိရေးများနှင့် ပတ်သက်၍လည်း ၎င်းတို့ ဆန္ဒရှိပါက သက်ဆိုင်ရာဝန်ကြီးဌာနများတွင် ဖွင့်လှစ်လျက်ရှိသော အသက်မွေးဝမ်းကျောင်း သင်တန်းများသို့ တက်ရောက်နိုင်ရေး၊ အစိုးရဝန်ထမ်းအပါအဝင် ပြည်တွင်း/ပြည်ပ ကုမ္ပဏီဝန်ထမ်းအဖြစ် လုပ်ကိုင်နိုင်ရေးနှင့် ၎င်းတို့၏ရပ်ရွာများ၌ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နိုင်ရေးတို့အတွက် “စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီ” က သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများတို့နှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်းအချို့အနေဖြင့် သက်ဆိုင်ရာ ရုံး၊ ဌာနများနှင့်လုပ်ငန်းခွင်များတွင် ဝင်ရောက်အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းအချို့သည်လည်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဆက်လက်ထမ်းဆောင်လိုသည့်အတွက် ကိုယ်တိုင်ဆန္ဒပြု၍ တပ်မတော်တွင် ဆက်လက်တာဝန် ထမ်းဆောင်ကြသည်များလည်းရှိကြကြောင်း သိရှိရသည်။ ယခုကဲ့သို့ နိုင်ငံ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်၍ သတ်မှတ်ကာလပြည့် မြောက်ခဲ့ကြသည့် နိုင်ငံသားကောင်း ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားသည် နိုင်ငံတော်အတွက် နိုင်ငံ့သားကောင်းများပီပီ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူများကို ထိုက်ထိုက်တန်တန် တန်ဖိုးထားခြင်းဖြစ်ပြီး တပ်မတော်နှင့် ပြည်သူအကြား ယုံကြည်မှု၊ အပြန်အလှန်လေးစားမှု၊ ကိုယ်ချင်းစာနားလည်မှုနှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသားတိုင်း၏တာဝန်ရှိမှု၊ တာဝန်သိမှုတို့ကို ဖော်ပြသည့် သမိုင်းဝင်မှတ်တိုင်တစ်ခုဖြစ်ရာ လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်သူ့စစ်မှုထမ်းများ၊ သင်တန်းတက်ရောက်နေဆဲဖြစ်သည့် ပြည်သူ့စစ်မှုထမ်းများနှင့် နောင်လာနောက်သား မျိုးဆက်သစ် လူငယ်လူရွယ်များအတွက်လည်း စံနမူနာကောင်းတစ်ခုပင်ဖြစ်သည်။
ထို့ပြင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ကြသည့်နိုင်ငံ့သားကောင်းများ၏ တာဝန်ကျေပွန်မှုများသည် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးကဏ္ဍတွင် ပြည်သူတစ်ရပ်လုံးက စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်လာပြီး တပ်မတော်နှင့်ပြည်သူ တစ်သားတည်းဖြစ်တည်မှုကို အပြည့်အဝ သက်သေထူသည့် သမိုင်းဝင် မှတ်တိုင်တစ်ခုလည်း ဖြစ်သည်။
သတ်မှတ်ကာလပြည့်မြောက်ခဲ့သည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများ၏စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
“မိသားစုတွေနဲ့လည်း ပြန်လည်ဆုံတွေ့ရတော့မယ်ဆိုတော့ အတိုင်းမသိဝမ်းသာမိပါတယ်။ နှစ်နှစ်တာကာလ တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်မှာ အခက်အခဲတွေကအများကြီးပါ။ အရာရာအားလုံးက ပျော်ဖို့တော့ကောင်းပါတယ်။ စိတ်ဓာတ်၊ စည်းကမ်း၊ နေထိုင်စားသောက်မှုတွေ၊ သွားလာမှုတွေအားလုံး ပြောင်းလဲခဲ့ပါတယ်။ မိသားစုတွေကတော့ အများကြီးအားပေးခဲ့ပါတယ်။ ကောင်းကောင်းမွန်မွန်နေထိုင်ဖို့၊ အစစအရာရာဂရုစိုက်ဖို့အတွက်မှာခဲ့ပါတယ်။ ကိုယ်တိုင်တာဝန်ထမ်းဆောင်ကြတဲ့အခါ အများကြီးနားလည်မှုတွေရလာပါတယ်။ ရဲရဲဝံ့ဝံ့ဝင်ဖို့အတွက် ဆုံးဖြတ်ချက်ချစေချင်ပါတယ်။ အပြင်လောကမှာ ပြောဆိုတဲ့အရာတွေအကုန်လုံးထက် ဒီမှာလက်တွေ့ထမ်းဆောင်ခဲ့တဲ့အရာတွေနဲ့ ကွဲပြားခြားနားမှုတွေအများကြီးရှိပါတယ်။ ကျွန်တော်တို့ကနှစ်နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်တဲ့အတွက် အကုန်လုံးကိုလည်းနားလည်ခဲ့ပါပြီ။ နှစ်နှစ်တာကာလထမ်းဆောင်ခဲ့ပြီးဖြစ်ခဲ့ပေမယ့် နိုင်ငံ့တာဝန်ကို ထပ်ပြီးတော့ ထမ်းဆောင်ချင်တဲ့စိတ်ရှိတဲ့အတွက်ကြောင့် ထပ်ပြီးထမ်းဆောင်ခဲ့ခြင်းဖြစ်ပါတယ်” ဟုပြောသည်။
“ကျွန်တော် နှစ်နှစ်ပြည့်လို့ရှိရင် ဆက်လက်ပြီးတော့ ကျွန်တော်သန္ဓေအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်မယ်လို့ ခံယူချက်ထားပါတယ်။ ကျွန်တော် နဂိုကတည်းကလည်း တပ်မတော်ထဲဝင်ဖို့စဉ်းစားခဲ့ဖူးတယ်။ ယခုလိုပြည်သူ့စစ်မှုထမ်းတွေခေါ်တော့မှ ကျွန်တော်ပြည်သူ့စစ်မှုထမ်းထဲကို ဝင်ရောက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ရွာကိုလည်းမပြန်ရ တော့ဘူးဆိုတော့ ဒီမှာပဲဆက်နေတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်မယ်လို့ စိတ်ကူးထားပါတယ်။ အမေကလည်း လုပ်မယ်ဆိုဆက်လုပ်ဖို့ပြောပါတယ်။ ရတဲ့လစာလည်း မိသားစုတွေကိုအကုန်လွှဲပေးခဲ့ပါတယ်။ အခုတာဝန်ထမ်းဆောင်နေတဲ့တပ်က ကျွန်တော့် မိခင်တပ်ရင်းဖြစ်နေတော့ ကျွန်တော် ကိုယ့်ဘာသာကိုလည်း တော်တော်လေးအဲဒီမှာနေရတာ ပျော်လို့လည်းပါပါတယ်။ ကျွန်တော့်လိုမျိုး တပ်မတော်မှာသန္ဓေအဖြစ်ဆက်လက်တာဝန်ပြန်ထမ်းဆောင်တဲ့သူတွေရှိရင်ဂုဏ်ယူပါတယ်”ဟုပြောသည်။“မိဘတွေနဲ့ပြန်တွေ့ရတော့မယ်ဆိုတော့အရမ်းဝမ်းသာပါတယ်။ နေပုံထိုင်ပုံ၊ သွားပုံလာပုံ၊ စားပုံသောက်ပုံ စည်းကမ်းတွေအကုန်လုံးပြောင်းလဲလာပါတယ်။ အခက်အခဲတွေကတော့ အများကြီးရင်ဆိုင်ခဲ့ရတယ်။ တိုက်ပွဲတွေလည်း အများကြီးကြုံခဲ့ရတယ်။ ရှေ့ဆက်ရမယ့်ဘဝမှာတော့ ကိုယ့်ကိုယ်ကိုယ်တော့အများကြီးပြောင်းလဲလာမယ်လို့ထင်တယ်။ အများကြီးလည်းကြိုးစားရဦးမယ်လို့ ထင်ပါတယ်။ မိဘတွေကလည်း အများကြီးအားပေးခဲ့ပါတယ်။ ထပ်ပြီးတာဝန်ထမ်းဆောင်မယ့် သူငယ်ချင်းတွေကိုလည်း အစစအရာရာဂရုစိုက်ပါလို့ ပြောချင်ပါတယ်။ နောင်ပြည်သူ့စစ်မှုထမ်းမယ့်သူတွေလည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး နိုင်ငံ့တာဝန်ကိုကျေပွန်စွာထမ်းဆောင်ကြပါလို့ ပြောကြားလိုပါတယ်”ဟုပြောသည်။
















