(၉)ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး(9th Thailand- Myanmar High Level Co-mmittee Meeting )ကို တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်လ ၂၁ ရက်နေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ထိုင်းဘုရင့်နန်းတော်ဝင်းအတွင်းရှိ မြဘုရား(Temple of Emerald Buddha)သို့သွား ရောက်ဖူးမြော်ကြည်ညိုသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထိုင်းဘုရင့်နန်းတော်သို့ရောက်ရှိကြရာ ထိုင်းဘုရင့်နန်းတွင်းကိုယ်စားလှယ်အရာရှိကြီးများမှ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထိုင်းဘုရင့် နန်းတော်ဝင်းအတွင်းလှည့်လည်ကြည့်ရှုကြရာတာဝန်ရှိသူများက ဘုရင့်နန်းတော်ဆိုင်ရာများနှင့်မြဘုရားဆိုင်ရာတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မြဘုရားကျောင်းဆောင်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်းမန်ဆက်ကပ်၍ဖူးမြော်ကြည်ညိုသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မြဘုရားအတွက်ဘက်စုံအလှူတော်ငွေများကိုပေးအပ်ရာတာဝန်ရှိသူများကလက်ခံရယူကြပြီး ဓမ္မလက်ဆောင်ပြန်လည်ပေးအပ်သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မြဘုရားကျောင်းဆောင်အား လက်ယာရစ်လှည့်လည်ပူဇော်ပြီး တာဝန်ရှိသူများက မြဘုရားနှင့်သာသနိကအဆောက်အအုံများ၏သမိုင်းကြောင်းများ ရှင်းလင်းတင်ပြမှုအပေါ်သိရှိလိုသည်များပြန်လည်မေးမြန်းဆွေးနွေးသည်။

ထိုအပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင် ဒွန်မောင်းခရိုင်ရှိ ထိုင်းဘုရင့်တပ်မတော်(လေ)အမျိုးသားလေကြောင်းထိန်းသိမ်းမှုပြတိုက်သို့ သွားရောက်လေ့လာကြသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြတိုက်သို့ရောက်ရှိကြရာ ပြတိုက်တာဝန်ခံနှင့်တာဝန်ရှိသူများကကြိုဆိုကြသည်။ ထို့နောက် တာဝန်ရှိသူတစ်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပြတိုက်ဆိုင်ရာ အချက်အလက်များကိုရှင်းလင်းတင်ပြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ပြတိုက်အတွင်း/အပြင်ရှိ ပြကွက်များတွင်ပြသထားသည့် လေယာဉ်များ၊ တိုက်လေယာဉ်များ၊ ဟယ်လီကော်ပတာများ၊ ထိုင်းဘုရင့်မိသားစုနှင့်အထူးဧည့်သည်တော်များစီးနင်းခဲ့သည့် သမိုင်းဝင်အထူးလေယာဉ်များ၊ လေယာဉ် မောင်းနှင်မှုပုံစံတူစက်များ၊ လေတပ်စကားပြောစက်များ၊ လက်နက်ကိရိယာများနှင့်စစ်ဝတ်စုံများ၏ ပြောင်းလဲလာပုံများကို လေ့လာကြည့်ရှုကြရာ တာဝန် ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထိုင်းဘုရင့်တပ်မတော်(လေ)အမျိုးသားလေကြောင်းထိန်းသိမ်းမှုပြတိုက်မှ တာဝန်ရှိသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ကြပြီး လက်ဆောင်ပစ္စည်းများ အပြန် အလှန်ပေးအပ်ကြသည်။

အဆိုပါ ထိုင်းဘုရင့်တပ်မတော်(လေ)အမျိုးသားလေကြောင်းထိန်းသိမ်းမှုပြတိုက်(National Aviation Museum of the Royal Thai Air Force)သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Don Mueang ခရိုင်ရှိ ဒွန်မောင်းထိုင်းဘုရင့်လေတပ်စခန်း၌တည်ရှိပြီး ထိုင်းဘုရင့်တပ်မတော်(လေ)မှ အသုံးပြုခဲ့သည့် လေယာဉ်အမျိုးမျိုးနှင့် အခြားသောလေကြောင်းဆိုင်ရာကိရိယာများကို စုဆောင်းရန်၊ ထိန်းသိမ်းရန်နှင့်ပြန်လည်ပြင်ဆင်မွမ်းမံရန်ရည်ရွယ်၍ ၁၉၅၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ ပထမဆုံးဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့သော ဗုံးကြဲလေယာဉ် Baribatra Bomber၊ ကမ္ဘာပေါ်တွင် နောက်ဆုံးကျန်ရှိတော့သည့် Curtiss Hawk III နှင့် Tachikawa Ki-36 ကဲ့သို့သော ဒုတိယကမ္ဘာစစ်ခေတ် ရှားပါးစစ်လေယာဉ်များ၊ F-5A ၊ F-16A နှင့် Gripen တိုက်လေယာဉ်များ၊ စစ်ဘက်သုံးရဟတ်ယာဉ်များ၊ သယ်ယူပို့ဆောင်ရေးလေယာဉ်များကိုခင်းကျင်းပြသထားပြီး လေတပ်စခန်းသုံးပစ္စည်းများ၊ ခေတ်အဆက်ဆက်လေသူရဲယူနီဖောင်းများ၊ စစ်ဘက်သုံးဆက်သွယ်ရေးကိရိယာများနှင့်လေကြောင်းဆိုင်ရာ စာကြည့်တိုက်တို့ကိုလည်းထည့်သွင်းပြသထားကြောင်းသိရှိရသည်။
အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ယမန်နေ့မွန်းလွဲပိုင်းတွင်လည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ထိုင်းဘုရင့်တပ်မတော်ဖွံ့ဖြိုးရေးဌာနချုပ်သို့သွားရောက် လေ့လာကြသည်။ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထိုင်းဘုရင့်တပ်မတော်ဖွံ့ဖြိုးရေးဌာနချုပ်သို့ရောက်ရှိကြရာ တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက်ဌာနချုပ်အစည်းအဝေးခန်းမတွင် တော်ဝင်စီမံကိန်းဖွံ့ဖြိုး တိုးတက်ရေးရုံးညွှန်ကြားရေးမှူးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဌာနချုပ်သမိုင်းကြောင်းဆိုင်ရာအချက်အလက်များမှတ်တမ်းဗီဒီယိုကိုပြသသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဌာနချုပ်အတွင်းရှိ ထိုင်းဘုရင်များ၏ သမိုင်းကြောင်းဆိုင်ရာပြခန်းများ၊ ရေစီမံခန့်ခွဲမှုနှင့်တော်ဝင်စီမံကိန်းအရတည်ဆောက်ခဲ့သောဖွံ့ဖြိုးရေးလေ့လာရေးစင်တာများပြခန်း၊ ဖွံ့ဖြိုးရေးစီမံကိန်းကွန်ရက်ရှိ နယ်စပ်ဒေသများရှိ အခြေခံအဆောက်အဦ တည်ဆောက်ရေးဆိုင်ရာဒေတာများနှင့်စီမံကိန်းတိုးတက်မှုပြသထားသည့် မြေပုံ/စနစ်များပြခန်း၊ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ စက်ယန္တရားများ၊ ဆက်သွယ်ရေးနှင့်နည်းပညာပြခန်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးဗဟိုဌာနပြခန်းတို့ကို စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများကလိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထိုင်းဘုရင့်တပ်မတော်ဖွံ့ဖြိုးရေးဌာနချုပ်မှ တာဝန်ရှိသူများနှင့်အတူစုပေါင်းဓာတ်ပုံရိုက်ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။ထို့အတူ ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်နီလာသည် အဖွဲ့ဝင်များလိုက်ပါ၍ ဩဂုတ်လ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စစ်မှုထမ်းဟောင်း အထွေထွေရောဂါကုဆေးရုံကြီး (Veterans General Hospital)သို့သွားရောက် ကြည့်ရှုလေ့လာကြသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်နီလာနှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်းအထွေထွေရောဂါကုဆေးရုံကြီးသို့ရောက်ရှိကြရာ ဆေးရုံမှတာဝန်ရှိသူများက ဆေးရုံအစည်းအဝေးခန်းမတွင် ဆေးရုံသမိုင်းမှတ်တမ်းဆိုင်ရာများ၊ ဆေးဝါးကုသပေးမှုနှင့်လုပ်ငန်းဆောင်ရွက်ချက်များကို Video Presentation ဖြင့် ရှင်းလင်းတင်ပြမှုကိုကြည့်ရှုကြသည်။ ယင်းနောက် ဆေးရုံအတွင်း သစ်သားပန်းပုနှင့်ထိုင်းရိုးရာ Oshie လက်မှုအနုပညာ လုပ်ဆောင်မှုများကို လေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါ စစ်မှုထမ်းဟောင်းအထွေထွေရောဂါကုဆေးရုံကြီး (Veterans General Hospital-VGH)သည် ဘန်ကောက်မြို့၊ Phaya Thai မြို့နယ်ရှိ Vibhavadi Rangsit လမ်းမကြီးပေါ်တွင်တည်ရှိသောအစိုးရအထူးကုဆေးရုံကြီးတစ်ခုဖြစ်ပြီး စစ်မှုထမ်းဟောင်းများစောင့်ရှောက်ရေးအဖွဲ့အစည်း (War Veterans Organization of Thailand-WVO)၏လက်အောက်တွင် စစ်ပွဲများနှင့်တာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသော စစ်မှုထမ်းဟောင်းများ၊ မသန်စွမ်းဖြစ်သွားခဲ့သည့် ရဲဘော်များနှင့်၎င်းတို့၏ မိသားစုဝင်များကို ဆေးကုသမှုနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများစနစ် တကျထောက်ပံ့ကူညီပေးနိုင်ရန် ၁၉၇၀ ပြည့်နှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိသည်။
