ရှမ်းပြည်နယ်တွင် ရှေးဟောင်းအဆောက် အအုံ ၆၅ ခုကို နိုင်ငံတော်က ထိန်းသိမ်းစောင့်ရှောက်လျက်ရှိရာ ကျောက်မဲခရိုင် နောင်ချိုမြို့နယ်ရှိ ဂုတ်ထိပ်တံတားလည်း တစ်ခုအပါအဝင်ဖြစ်ပြီး နှစ်ပေါင်း ၁၂၆ နှစ် သက်တမ်းရှိသည့် ဂုတ်ထိပ်တံတားကို ရှေးဟောင်းအမွေအနှစ်အဖြစ် ကမ္ပည်း မော်ကွန်းကြေးပြားတပ်ဆင်ခဲ့ကြောင်း သိရ သည်။
ဂုတ်ထိပ်တံတား ကမ္ပည်းမော်ကွန်း ကြေးပြားတပ်ဆင်ခြင်းအခမ်းအနားကို ဩဂုတ်လ ၂၁ ရက်နေ့နံနက်ပိုင်းတွင် အဆိုပါ တံတား၌ ကျင်းပပြီး ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က တံတားကြီးသည် အမြင့် ၄၅ ပေမှ ပေ ၃၂၀ ကြားအထိ ကွဲပြားခြားနားသော သံမဏိမြင်းခုံများဖြင့်ထောက်ထားပြီး အမြင့်ဆုံးမြင်းခုံသည် ပေပေါင်း ၁၁၀၀ နက်ရှိုင်းသည့်သဘာဝပေါင်းကူးတံတားပေါ်တွင် တည်ဆောက်ထားသဖြင့် ထူးခြားပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာ့မီးရထားကလည်း RBE ရထားဖြင့် ပြင်ဦးလွင် – နောင်ချို – ဂုတ်ထိပ်ခရီးစဉ်ကို ပြေးဆွဲ၍ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ ဂုတ်ထိပ်တံတားကို ကမ္ပည်းမော်ကွန်းကြေးပြားသုံးခု တပ်ဆင်ခြင်း၊ ဂုတ်ထိပ်တံတားနှင့် ပတ်သက်၍ လာရောက်လေ့လာလည်ပတ်သူများ သိရှိနိုင်ရန် သတင်းအချက်အလက်ဆိုင်းဘုတ် စိုက်ထူခြင်းတို့ကို ဆောင်ရွက်ကြသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်တွင် ရှမ်းဘာသာအားဖြင့် ဟိုကွတ်ဟု ခေါ်သောရွာကို မြန်မာတို့က ငုတ်ထိပ်ဟု ခေါ်ဆိုရာမှ ဟိုကွတ်နှင့် ငုတ်ထိပ်ဟူသောအခေါ်မှာ ထိုနေရာဒေသတွင် မြစ်ချောင်းများ ကွယ်ပျောက် သွားသည်ကိုအစွဲပြု၍ခေါ်ခြင်းဖြစ်ပြီး ကာလရွေ့လျောလာသောအခါ ငုတ်ထိပ်ကို ဂုတ်ထိပ်ဟူ၍ ပြောင်းလဲခေါ်တွင် လာခဲ့ခြင်းဖြစ်ကြောင်း၊ ၁၈၉၇ ခုနှစ်တွင် ဗြိတိသျှအစိုးရသည် မန္တလေးမှဗန်းမော်သို့ မီးရထားလမ်းဖောက်လုပ်ခဲ့ရာမှ မန္တလေးမှ လားရှိုးသို့လည်း မီးရထားလမ်းဖောက်လုပ်ရန်လိုအပ်ကြောင်း တွေ့ရှိလာခဲ့သဖြင့် ဂုတ်ထိပ်တောင်ကြားကူးတံတား(GOHTEIK VIADUCT) ကို အမေရိကန်နိုင်ငံ ပင်ဆီလ်ဗေးနီးယားနှင့် မေရီလန်တံတားဆောက်လုပ်ရေးကုမ္ပဏီကို ငှားရမ်းဆောက်လုပ်စေခဲ့ကြောင်း၊ ၁၈၉၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၀၀ ပြည့်နှစ်တွင် ပြီးစီးကာ ၁၉၀၃ ခုနှစ်တွင် စတင်ဖွင့်လှစ်အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
