တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးအား ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က  ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး

(၉)ကြိမ်မြောက် ထိုင်း – မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (9th Thailand- Myanmar High Level Committee Meeting ) သို့တက်ရောက်ရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့   ရောက်ရှိနေသည့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးအား ဩဂုတ်လ ၁၉ ရက် မွန်းလွဲပိုင်းတွင်ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ukris Boontanondha က ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုသည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကိုကိုဦး၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ဝင်းသူလင်း တို့တက်ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အတူ ထိုင်းဘုရင့်တပ်မတော် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် Air Chief Marshal Seksun Chaiyamert နှင့် ထိုင်းဘုရင့်တပ်မတော်မှအရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အခမ်းအနားကျင်းပမည့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသို့ရောက်ရှိရာ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကကြိုဆိုနှုတ်ဆက်သည်။ 

 ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည် အလေးပြုခံစင်မြင့်ထက်တွင်နေရာယူပြီး ထိုင်းဘုရင့်တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့၏နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများဖြင့် တီးမှုတ်ဂုဏ်ပြုအလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည် နှစ်နိုင်ငံတပ်မတော်အရာရှိကြီးများနှင့်အပြန်အလှန်မိတ်ဆက်ပေးကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။   

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ဧည့်ခန်းမတွင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံဆွေးနွေးကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့သည် ရှည်လျားသည့် သမိုင်းကြောင်းရှိပြီး အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်မှု၊  နှစ်နိုင်ငံအကြား  သဘောတူညီချက်များအား ဆက်လက်အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ  တိုးတက်ကောင်းမွန်နေစေရေး ဆက်လက်ဆောင်ရွက်သွားမည့်  အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသကုန်သွယ်မှုများပြန်လည်ကောင်းမွန်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးသည် မရှိမဖြစ်လိုအပ်သဖြင့် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြားပူးပေါင်း၍ ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်မှု အခြေအနေများ၊ နယ်စပ်ဒေသတရားမဝင်ကုန်သွယ်မှုများမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်မှုအခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတွင်ရှိသည့်အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို လုပ်ဆောင်လျက်ရှိသည့်ကျောက်ခက်နှင့်ရွှေကုက္ကိုလ်တို့ရှိအဆောက်အအုံများအား မြန်မာနိုင်ငံဘက်မှအမြစ်ပြတ်ဖြိုချဖျက်ဆီးလျက်ရှိမှုနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများကို နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်တားဆီးကာကွယ်နှိမ်နင်းလျက်ရှိသည့် အခြေအနေများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းဆိုင်ရာ ကိစ္စရပ်များနှင့် လက်နက်ခဲယမ်းမှောင်ခိုရောင်းဝယ်မှုများကို  ပူးပေါင်း ထိန်းသိမ်းတိုက်ဖျက်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ တပ်မတော်အနေဖြင့် အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် ကာကွယ်စောင့် ရှောက်နေသည့်အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား လေ့ကျင့်ရေးဆိုင်ရာများ၊ သင်တန်းသားများ၊ တပ်မတော်အားကစားအဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန်စေလွှတ်ရေးနှင့် တပ်မတော်နှစ်ရပ်ကြား အဆင့်လိုက်ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေး၊ တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးတက်ခိုင်မာစေရေးဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည့်အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ   အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည် အထိမ်းအမှတ်တံဆိပ်နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ပြန်လည်ထွက်ခွာရာ ထိုင်းဘုရင့်တပ်မတော်ဂုဏ်ပြုတပ်ဖွဲ့က နှုတ်ဆက်ဂါရဝပြုအလေး ပြုခဲ့ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *