ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်မှုဖြစ်ပွားပြီး ရေကျော်စီးဝင်မှုကို နေ့ဆိုင်း၊ ညဆိုင်းဖြင့် ပိတ်ဖို့ခြင်းများ ဆောင်ရွက်လျက်ရှိ

ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော် စီးဝင်မှုကို ပို့ဆောင်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများပူးပေါင်းပြီး နေ့ဆိုင်း၊ ညဆိုင်းဖြင့် ပိတ်ဖို့ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်က ယနေ့နံနက်ပိုင်းတွင်လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံစဉ် ပြောကြားသည်။

အဆိုပါ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံစဉ် ဆန်ရိက္ခာနှင့်ထောက်ပံ့ပစ္စည်းများကိုပေးအပ်ပြီး ပြည်သူများ၏တင်ပြမှုများကိုလည်း ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးသည်။

ထို့ပြင် လေးမျက်နှာမြို့နယ် ဘိသလွန်ကျေးရွာ လောကချမ်းသာဘုရားကြီးကျောင်းတိုက်ရှိ ရေဘေးသင့်ပြည်သူများကို သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး ဆန်ရိက္ခာနှင့်ထောက်ပံ့ ပစ္စည်းများပေးအပ်ကာ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှဝန်ထမ်းများက မြွေအန္တရာယ်၊ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ဝမ်းပျက်ဝမ်းလျှောရောဂါများမဖြစ်ပွားစေရေးနှင့်ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးမှု၊ စားသုံးသူရေးရာဦးစီးဌာနကလည်း စားဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးမှုကိုလည်း ကြည့်ရှုအားပေးခဲ့သည်။

ယင်းအပြင် အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျကာ ရေကျော်စီးဝင် သည့် ငဝန်တာနေရာအား တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများစုပေါင်း၍ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှု၊ မျောတုတ်တန်း၏အပြင် ဘက်ခြမ်းပိုမိုတောင့်တင်းခိုင်မာစေရေးအတွက် နိုင်လွန်ပိုက်ကြိုးဖြင့်စုစည်းထုပ်ပိုးထားသည့် သဲအိတ် များဖြည့်သွင်း၍ ကာကွယ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ Steel Sheet Pile ရိုက်သည့် စက်ရေယာဉ်တွဲများဖြင့် Pile ရိုက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ပန်းတာရေဝင်လမ်း ပိတ်ဆို့ကာကွယ်ရန်  Geo Bags ချသည့် ရေယာဉ်များနှင့်သဲယာဉ်များ၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေယာဉ်ငယ်များ၊ သဲစက်လှေတွဲများဖြင့် လုပ်ငန်းဆောင်ရွက်မှုကိုလည်း  ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *