ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းမှာ ဩဂုတ်လ ၁၀ ရက်က ပြင်းအား ၇ ဒသမ ၄ မဂ္ဂနီကျုရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်မှုကြောင့် လက်ရှိအချိန်အထိ အနည်းဆုံးလူ ၇၇ ဦးသေဆုံးထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ငလျင်ဒဏ်ကြောင့် အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူများစွာရှိနေပြီး ဒဏ်ရာရသူများစွာလည်းရှိနေပါတယ်။ ငလျင်ဗဟိုချက်က ဘိုဂိုတာမြို့အနောက်ဘက် မိုင် ၂၅၀ ခန့်အကွာ ချိုကိုဒေသရှိ လူဦးရေ ၄၈၀၀ ခန့်နေထိုင်ရာ ဆန်ဟိုဆေးဒယ်ပါမားရပ်ကွက်ရဲ့ မြေအောက်အနက် ၆၆ မိုင်မှာဖြစ်တယ်လို့ အမေရိကန်နဲ့ကိုလံဘီယာ ဘူမိဗေဒတိုင်းတာရေးဌာနတို့က ထုတ်ပြန်ထားပါတယ်။
ငလျင်လှုပ်ခတ်မှုရဲ့အရှိန်ကို ကိုလံဘီယာရဲ့အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ အီကွေဒေါနဲ့ပနားမားနိုင်ငံတို့ကပါ ခံစားရတယ်လို့ဆိုပါတယ် အဲဒီနိုင်ငံတွေမှာတော့ အသေးစားထိခိုက်မှုတွေပဲရှိတယ်လို့သိရပါတယ်။
အခုလိုငလျင်လှုပ်ခတ်မှုဟာပြီးခဲ့တဲ့ ၁၀ စုနှစ်တစ်ခုအတွင်း ကိုလံဘီယာနိုင်ငံအတွက် အားအပြင်းဆုံးငလျင်ဖြစ်တယ်လို့ တာဝန်ရှိသူများကပြောပါတယ်။
