ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာဖြစ်ပွားနေတဲ့ အီဘိုလာရောဂါကူးစက်ပျံ့နှံ့မှုက ပိုမိုပြင်းထန်ဆိုးဝါးလာနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဩဂုတ်လ ၁ ရက်မှာသတိပေးလိုက်ပါတယ်။ ဒါ့အပြင်ကျန်းမာရေးဆိုင်ရာ တုံ့ပြန်မှုတွေကိုလည်း အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားဖို့ တောင်းဆိုလိုက်ပါတယ်။
“အခုဖြစ်နေတဲ့ ရောဂါကူးစက်ပျံ့နှံ့မှုကကွန်ဂိုနိုင်ငံအတွက် အကြီးမားဆုံးသော အီဘိုလာရောဂါ ကူးစက်ပျံ့နှံ့မှု ဖြစ်လာနေပါပြီ” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ ကွန်ဂိုနိုင်ငံမှာ အီဘိုလာရောဂါ ကူးစက်မှုအပြင်းထန်ဆုံးအချိန်က၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်ကြားကာလဖြစ်ပါတယ်။ အဲဒီအချိန်က ရောဂါဖြစ်ပွားသူ ၃၅၀၀ ဝန်းကျင်မှာ သေဆုံးသူ ၂၃၀၀ နီးပါးရှိခဲ့တာပါ။
`အခုလက်ရှိဖြစ်ပွားနေတဲ့ ကူးစက်မှုကမေလ ၁၅ ရက်မှာ စတင်ကြေညာခဲ့တာဖြစ်ပြီး ဇူလိုင်လ ၃၀ ရက်အထိ စာရင်းများအရ ရောဂါဖြစ်ပွားသူ ၃၆၀၅ ဦးအထိရှိကာ သေဆုံးသူအရေအတွက်က ၁၅၈၇ ဦးရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ ရောဂါကူးစက်မှုခံရပြီးရင် သေဆုံးနိုင်ခြေ ၄၄ ရာခိုင်နှုန်းရှိနေတယ်ဆိုတာကို ဖော်ပြနေတာပါ။ အီဘိုလာရောဂါ ဆိုတာ လူ့ခန္ဓာကိုယ်ထဲကထွက်တဲ့အရည်နဲ့ ထိတွေ့မိရာကနေတစ်ဆင့် ကူးစက်မှုဖြစ်ပွားတာပါ။ လွန်ခဲ့တဲ့နှစ် ၅၀ အတွင်း အာဖရိကဒေသတစ်ဝန်းမှာ အီဘိုလာရောဂါကူးစက်မှုများကြောင့်လူပေါင်း ၁၅၀၀၀ ကျော်သေဆုံးထားပါတယ်။ အခုဆိုရင် ကွန်ဂိုမှာဖြစ်တဲ့အီဘိုလာရောဂါက တောင်ဆူဒန်နဲ့ယူဂန်ဒါနိုင်ငံတို့အထိပျံ့နှံ့နေပါပြီ။
