ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုလွှတ်တော်၏ သဝဏ်လွှာပေးပို့ဖိတ်ကြားမှုအရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက် ၁၀ နာရီတွင်ကျင်းပပြုလုပ်သည့် တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်း အဝေး(၁၂)ရက်မြောက်နေ့ အစီအစဉ်သို့တက်ရောက်၍   ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၀၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ  ဥပဒေပုဒ်မ  ၆၅ တို့နှင့်အညီ နိုင်ငံတော်အစိုးရ၏ရက်(၁၀၀)ပြည့်  နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားသည်။

နိုင်ငံတော်သမ္မတက နိုင်ငံတော်အစိုးရ၏ရက်(၁၀၀)ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားသည့်အစီအစဉ်သို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ   ဦးအောင်လင်းဒွေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ   ဦးခင်ရီ၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊   ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ၊  ပြည်သူ့ လွှတ်တော်နှင့်   အမျိုးသားလွှတ်တော်တို့မှ ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ဝင်များဖြစ်ကြသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်(၄၇/၂၀၂၆)မှကြီးကြပ်သူအရာရှိများအပါအဝင်    လေ့လာသူဧည့်သည်တော်(၆၇)ဦးနှင့် အခြားလေ့လာသူ ဧည့်သည်တော်(၁၅၀)တို့တက်ရောက် လေ့လာကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက   တတိယအကြိမ် ပြည်ထောင်စု လွှတ်တော်  ဒုတိယပုံမှန်အစည်းအဝေး(၁၂)ရက်မြောက်နေ့သို့တက်ရောက်ခွင့်ရှိသည့်  ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၅၆၀ ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၅၃၉ ဦးတက် ရောက်သဖြင့် ၉၆ ဒသမ ၂၅ ရာခိုင်နှုန်း တက်ရောက်ခွင့်ရှိသည့်အတွက်   အစည်းအဝေးအထမြောက်ကြောင်းနှင့်စတင်ကျင်းပကြောင်းကြေညာပြီး အစည်း အဝေးတက်ရောက်မှုအခြေအနေကို  လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်အား   ပြည်ထောင်စု လွှတ်တော်သို့   နိုင်ငံတော်အစိုးရ၏ရက်(၁၀၀)ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရန်အတွက် ဖိတ်ခေါ်သည်။

ထို့နောက်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က  ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာတွင် “မိမိဦးဆောင်သည့် အစိုးရအဖွဲ့သစ် နိုင်ငံတော်တာဝန်များကိုစတင်လွှဲပြောင်းယူခဲ့သည်မှာ ယနေ့ဆိုလျှင် ရက်ပေါင်း ၁၀၀  ပြည့် မြောက်ခဲ့ပြီဖြစ်ပြီး မိမိတို့အစိုးရအဖွဲ့အတွက်သာမက နိုင်ငံတော်အတွက်ပါအလွန်အရေးကြီးသည့် အခြေခံအုတ်မြစ်များချမှတ်နိုင်ခဲ့သည့် ကာလတစ်ခုဖြစ်ကြောင်း၊ ပြည်သူလူထု၏ ဆန္ဒနှင့်အညီ  ကျင်းပခဲ့သည့်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကတစ်ဆင့်ပေါ်ထွက်လာသည့် မိမိတို့အစိုးရအဖွဲ့ အပေါ် ပြည်သူများ၏ယုံကြည်အားကိုးမှုကို အလေးထားသောအားဖြင့် ရက်ပေါင်း ၁၀၀ အတွင်း ဦးစားပေးလုပ်ငန်းစဉ်များကို အစွမ်းကုန်ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုရက်ပေါင်း (၁၀၀)ပြည့်မြောက်သည့်နေ့အထိ ဆောင်ရွက်ခဲ့မှုများနှင့် ပြောင်းလဲတိုးတက်မှုများကိုပြည်ထောင်စု လွှတ်တော် ကနေတစ်ဆင့် မိဘပြည်သူများကို တင်ပြသွားမည်ဖြစ်ကြောင်း။

စိုးရအနေဖြင့် စတင်တာဝန်ယူချိန်ကစပြီး “တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေး”နှင့် “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေး”ဆိုသည့် ဦးစားပေးရည်မှန်းချက်နှစ်ရပ်ကို အရှိန်အဟုန်မြှင့်ဖော်ဆောင်ခဲ့ပါကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိမှသာလျှင် ပြည်သူများ၏လူမှုစီးပွားဘဝနှင့် နိုင်ငံ့စီးပွား ရေးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်စပ်လျဉ်း၍  နိုင်ငံရေးအရသဘောထားကွဲလွဲမှုများကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာစေရန်နှင့် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးရန်အတွက် ရက်ပေါင်း ၁၀၀ အတွင်းတွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ပြီး ငြိမ်းချမ်းရေးတံခါးကိုလည်း ထာဝရဖွင့်လှစ်ပြီး ဖိတ်ခေါ်ခဲ့ကြောင်း။ 

တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လိုလားချက်ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ပေါက်လာစေရေး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ပြင်ဆင်နိုင်ရန် အချက် ၄၃ ချက်ပါ ပြင်ဆင်ချက်များကို   ပြည်ထောင်စုလွှတ်တော်သို့ပေးပို့ ထားပြီးဖြစ်ကြောင်း၊ ကြုံတွေ့နေရသည့် သဘောထားကွဲလွဲမှုများနှင့် လိုလားချက်များကို လက်နက်ကိုင်နည်းလမ်းဖြင့်မဖြေရှင်းဘဲ  နိုင်ငံရေးလမ်းကြောင်းမှတစ်ဆင့်နိုင်ငံရေးနည်းလမ်းဖြင့်သာ အေးချမ်းစွာအဖြေရှာကြရန် အလေးအနက်ထားပြီးထပ်မံတိုက်တွန်းလိုကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့(EAOs)အားလုံးကို တွေ့ဆုံဆွေးနွေးရန်အမြဲဖိတ်ခေါ်နေကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၃ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ကြောင်း။

ယခုအချိန်တွင် တိုင်းရင်းသားအားလုံး စုစုစည်းစည်းညီညီညွတ်ညွတ်ဖြင့် နိုင်ငံသစ်ကို အတူတကွတည်ဆောက်ကြရန်လိုပြီး နိုင်ငံတစ်ဝန်းလုံး အမြန်ဆုံးတည်ငြိမ်အေးချမ်းစေရန် ငြိမ်းချမ်းရေးကို တည်ဆောက်သည့်နေရာတွင် မဖြစ်နိုင်သည်များကို တောင်းဆိုနေမည့်အစား ခေတ်စနစ်နှင့် ကိုက်ညီသည့် ဖြစ်သင့်၊ ဖြစ်နိုင်သည်များကိုသာ ညှိနှိုင်းတောင်းဆိုကြရန်လိုအပ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ရမည့်တာဝန်သည် အစိုးရမှာပင် တာဝန်ရှိသည်မဟုတ်ဘဲ အစိုးရ၊ တပ်မတော်၊ လွှတ်တော်စသည့် အင်စတီကျူးရှင်းအားလုံးတွင် တာဝန်ရှိသည့်အတွက် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိအောင်ဆောင်ရွက်သည့်နေရာတွင် အားလုံး တတ်စွမ်းသရွေ့ပူးပေါင်းဆောင်ရွက်ပေးကြရန်   အလေးအနက်ထားပြောကြားလိုကြောင်း။

နိုင်ငံတော်ကာကွယ်ရေးနှင့်ပတ်သက်၍ တပ်မတော်ကို တိုက်စွမ်းရည်၊ တိုက်စွမ်းအားရှိသည့် ခေတ်မီတပ်မတော်(Standard Army)တစ်ရပ်ဖြစ်အောင် ဖွဲ့စည်းတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတွင် ပြည်သူလူထုတစ်ရပ်လုံးပါဝင်ရေးအတွက် တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းလုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ရှိသော်လည် မိမိတို့ နိုင်ငံတွင်ဖြစ်ပေါ်နေသည့် အခြေအနေအရ တပ်မတော်အနေနှင့် ရဲတပ်ဖွဲ့ပူးပေါင်းပြီးပါဝင်ဖြေရှင်း ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊  ပြည်တွင်း လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့ဝင်များ၏စွမ်းဆောင်မှုပိုင်းဆိုင်ရာ ပိုမိုတိုးတက်လာစေရန် စနစ်တကျလေ့ကျင့်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ လေ့ကျင့်သားပြည့်ဝသော၊ အဂတိကင်းသော၊ ပြည်သူ ချစ်သော ရဲတပ်ဖွဲ့ဝင်များဖြစ်စေရန် စီမံ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း။     

မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားများကို ကာကွယ်မြှင့်တင်သည့်နေရာတွင် အခြေခံဥပဒေပါ နိုင်ငံခြားရေးမူဝါဒဖြစ်သည့် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သည့်မူဝါဒကိုစွဲကိုင်ပြီး နိုင်ငံတကာ ဆက်ဆံရေးတွင် ဘက်မျှပြီးဟန်ချက်ညီသည့် ဆက်ဆံရေးကို တည်ဆောက်သွားမည် ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းမိတ်ဆွေနိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်နှင့်အညီ နိုင်ငံတကာဆက်ဆံရေးကို ခိုင်မာအောင်တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအာဆီယံ အခြေအနေနှင့်ပတ်သက်ပြီး လွန်ခဲ့သည့် ၅ နှစ်တာ ကာလအတွင်းအာဆီယံနိုင်ငံအချို့၏ သဘောထားနှင့် မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုများ ပြုလုပ်ခဲ့သော်လည်း မိမိတို့အနေဖြင့် စိတ်ရှည်သည်းခံပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ တာဝန်ဝတ္တရားများနှင့်အညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ အပြုသဘောမဆောင်သည့်ခွဲခြားဆက်ဆံမှုများကို နိုင်ငံတော်ကလိုအပ်သည့်တုံ့ပြန်မှုများ Case By Case တုံ့ပြန်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့်အညီ ပကတိအခြေအနေများကိုအခြေခံပြီး အမျိုးသားအကျိုး စီးပွားနှင့် အချုပ်အခြာအာဏာကို အလေးထားစောင့်ရှောက်ကာ မြန်မာနိုင်ငံကဦးဆောင်သော မြန်မာ့ ကိုယ်ပိုင်နည်းလမ်းဖြင့် အာဆီယံနှင့်ဆက်ဆံရေးတိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ယနေ့အချိန်သည် မိမိတို့နိုင်ငံသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် အခြေခံအုတ်မြစ် ဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုစီးပွားကဏ္ဍများကို ဟန်ချက်ညီညီ ပေါင်းစပ်တွန်းတင်ရမည့် အရေးကြီးသည့်ကာလဖြစ်ကြောင်း၊ မိမိတို့နိုင်ငံလူဦးရေ၏ ၇၀  ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသတွင်နေထိုင်ကြသောကြောင့် ကျေးလက်ဒေသနေပြည်သူများ၏စီးပွားရေးကို မြှင့်တင်ဆောင်ရွက်ပေးမှသာ ကျေးလက်ဒေသနေ ပြည်သူများ၏ဝင်ငွေများတိုးတက်လာပြီး လူမှုစီးပွားဘဝများလည်း တိုးတက်လာမည် ဖြစ်ကြောင်း၊ လက်ရှိ မိမိတို့နိုင်ငံတွင် လယ်၊ တောင်ယာ၊ ယာစသည်ဖြင့် အမျိုးမျိုးသော စိုက်ပျိုး မြေဧက ၃၃ သန်းကျော်ရှိကြောင်း၊ မိမိတို့နိုင်ငံအတွက် အဆိုပါစိုက်ပျိုးမြေ ပမာဏသည် လုံလောက်သည့် ပမာဏဖြစ် သည့်အတွက် စိုက်ပျိုးမြေကို ထပ်မံတိုးချဲ့ဖော်ထုတ်ရန်မလိုတော့ဘဲ  သမားရိုးကျစိုက်ပျိုးရေးစနစ်မှ ခေတ်မီ စက်မှုလယ်ယာစနစ်သို့ကူးပြောင်းပြီး ပန်းတိုင်အထွက်နှုန်းရရှိရန်၊ သီးထပ်စိုက်ပျိုးမှုများနှင့် အထွက်နှုန်းတိုးအောင် တိုးမြှင့်ဆောင်ရွက်ရန်လိုအပ်ကြောင်း။

မိမိတို့အစိုးရအနေဖြင့် စားရေရိက္ခာအတွက် အဓိကကျသည့် ဆန်စပါးကိုလယ်မြေအားလုံးတွင် ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးစေပြီး ပြည်တွင်းစားသုံးမှု ဖူလုံရုံသာမက ပြည်ပကို ဆန်စပါးတင်ပို့မှုမြင့်မားခဲ့သည့်အခြေအနေကို ပြန်လည်ရောက်ရှိအောင် ကြိုးစားလုပ် ဆောင်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာ့ပေါ်ဆန်း တစ်ခေတ်ဆန်းရမည်ဆိုသည့် မျှော်မှန်းချက်နှင့်အညီ ပထမအဆင့်တွင် ပြည်ပသို့ နှစ်စဉ်ဆန်တန်ချိန် (၃)သန်းတင်ပို့နိုင်ရေးအတွက် ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသည့် အရည်အသွေးကောင်းစပါးမျိုးများကို တိုးချဲ့စိုက်ပျိုး ထုတ်လုပ်ရန်နှင့် မျိုးအလိုက် စပါးစိုက် ဧက (၃ ဒသမ ၅)သိန်း ထပ်မံ တိုးချဲ့စိုက်ပျိုးနိုင်မည့် အစီအမံများကိုလည်းဆောင်ရွက်လျက်ရှိကြောင်း၊ ဒုတိယအဆင့်တွင် နှစ်စဉ်ဆန် တန်ချိန်(၅)သန်းအထိ တင်ပို့နိုင်အောင် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ဒေသတွင်းနိုင်ငံများ အတွက်သာမက ကမ္ဘာ့စားနပ်ရိက္ခာကိုပါ ဖြည့်တင်းပေးနိုင်သည့် အဓိကနိုင်ငံများထဲတွင် ကမ္ဘာ့စပါးကျီနိုင်ငံ အဖြစ် ပါဝင်လာနိုင်ရန်၊ ရည်မှန်းလုပ်ဆောင်လျှက်ရှိကြောင်း။

ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့်စပ်လျဉ်း၍ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့ကို အထူးဇုန် ၁၂ ခု သတ်မှတ်ပြီး တစ်ဧကအထွက်နှုန်းတိုးတက်ရေးနှင့် ပန်းတိုင် အထွက်နှုန်းရရှိရေး အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နှမ်းနှင့်ပတ်သက်၍ တစ်ဧကပန်းတိုင် အထွက်နှုန်း တင်း ၂၀ သတ်မှတ်ထားသော်လည်း အမှန်တကယ် အထွက် နှုန်းသည် ၉ ဒသမ ၆ တင်းသာရှိသည့်အတွက် ၅၀ ရာခိုင်နှုန်းသာရှိသည်ကိုတွေ့ရပါကြောင်း၊ ပန်းတိုင်အထွက်နှုန်း ပြည့်မီမည်ဆိုပါက ထုတ်လုပ်မှုကုန်ကျ စရိတ်များ ကျဆင်းလာမည်ဖြစ် ကြောင်း။ 

ကျန်းမာရေးနှင့် ညီညွတ်သည့် ဆီစားသုံးမှုပမာဏအရ လူတစ်ဦးအတွက် ဆီကို တစ်နှစ်တွင် ၅ ပိဿာမှ ၆ ပိဿာကြားသာ စားသုံးသင့်သော်လည်း မိမိတို့ နိုင်ငံသားများအနေဖြင့် တစ်နှစ်တွင် ၈ ပိဿာ ကျော်အထိ စားသုံးနေသည့်အတွက် ပုံမှန်သုံးစွဲသင့်သည့် ပမာဏထက် များစွာကျော်လွန်သုံးစွဲ နေသည်ကို လည်း စစ်တမ်းများအရသိရကြောင်း၊ ဆီစားများခြင်းသည် ပြည်သူများ၏ ကျန်းမာရေးဆိုးကျိုးများကို ဖိတ်ခေါ်နေသည့်အပြင် ပြည်ပက စားအုံးဆီတင်သွင်းရသည့်အတွက် နိုင်ငံခြားငွေအများအပြား သုံးနေ ရကြောင်း၊ ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၅ ဒသမ ၅ သိန်းနှင့် ၂၀၂၅ ခုနှစ်တွင် ၆ ဒသမ ၄ သိန်း တင်သွင်းခဲ့ရကြောင်း၊ ထို့ကြောင့် ဆီစားနှုန်းလျော့ချပြီး နိုင်ငံတော်၏လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရန် အထူးအလေးပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း။  

မိမိတို့အစိုးရအနေဖြင့် စက်မှုကုန်ကြမ်းသီးနှံများဖြစ်သည့် ရော်ဘာ၊ ဝါ၊ ဝါးစသည် တို့ကို တိုးချဲ့စိုက် ပျိုးရန်၊ ရော်ဘာကို ပြည်တွင်း၌ အရည်အသွေးရှိရှိ ထုတ်လုပ်ရန်အတွက် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း၊ ဝါစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရန် စီမံကိန်းချမှတ် ဆောင်ရွက် လျှက်ရှိကြောင်း၊ လက်ရှိ ဝါမျိုးစုံစိုက်ဧက (၅ ဒသမ ၅) သိန်းခန့် စိုက်ပျိုးလျက်ရှိ ပြီး ၂၀၂၇-၂၀၂၈ စိုက်ရာသီတွင် ဧက(၆)သိန်းအထိ တိုးမြှင့်စိုက်ပျိုး ထုတ်လုပ်နိုင်ရန် လျာထားဆောင်ရွက်လျှက်ရှိကြောင်း၊  ယခုထွက်ရှိနေသည့် ဝါအထွက်နှုန်းနှင့် စိုက်ဧက မှန်ကန်ပါက ပိုလျှံမှုများစွာရှိမည်ဖြစ်သောကြောင့် မိမိတို့ ပြည်ပသို့တင်ပို့နိုင်ပါကြောင်း၊ လက်ရှိတွင် ဝါထွက်နှုန်းသည် ပျမ်းမျှတစ်ဧက တွင် ၄၉၉ ပိဿာသာရှိသောကြောင့် ပန်းတိုင်ထွက်နှုန်း ၇၀၀ ပိဿာအထိ ထွက်ရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံခြားငွေ များစွာရနိုင်မည်ဖြစ်သည့်အတွက် အားပေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

စိုက်ပျိုးရေးလုပ်ငန်းများအတွက် အဓိကကျသည့် စိုက်ပျိုးရေ လုံလုံလောက်လောက်ရရှိစေရန် ဆိုလာစနစ်ဖြင့် မြစ်ရေတင်စီမံကိန်းများကိုလည်း စတင်ဆောင်ရွက်နေပြီဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသ ကြီးများတွင်လည်း ကိုယ့်အားကိုယ်ကိုးပြီး တစ်ပိုင်တစ်နိုင် ဆိုလာစနစ်ဖြင့် မြစ်ရေတင်စီမံကိန်းများ ဆောင်ရွက်နိုင်ရန် ဒေသများစွာတွင် လျင်လျင်မြန်မြန်အကောင်အထည်ဖော်နိုင်ပါက စီမံကိန်းကရရှိမည့် အကျိုးကျေးဇူးများကို ပြည်သူလူထုက ဆောလျင်စွာ ခံစားနိုင်မည်ဖြစ်ကြောင်း။

နိုင်ငံတော်၏ စားရေရိက္ခာကဏ္ဍတွင် အရေးပါသည့်မွေးမြူရေးကဏ္ဍကို တင်ပြလိုကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ မိသားစုဝင်ငွေ တိုးပွားစေရန်အတွက် တစ်ပိုင်တစ်နိုင် မွေးမြူရေးမှသည် စနစ်တကျ စီးပွားဖြစ်မွေးမြူရေးစနစ်သို့ ကူးပြောင်းရန်လိုအပ်ကြောင်း၊ ကြက်၊ ဝက်၊ ဆိတ်၊ နွား နှင့် ငါး စသည့် အသား(၅)မျိုးကို စနစ်တကျမွေးမြူနိုင်ရန်အတွက် မျိုးကောင်းမျိုးသန့်များဖြန့်ဖြူးပေးခြင်း၊ တိရစ္ဆာန်အစာနှင့်ဆေးဝါးများ လုံလောက်စွာရရှိစေခြင်းတို့ကို ဦးစားပေးဆောင်ရွက်လျှက်ရှိကြောင်း။  

လူဦးရေ ၅၁ ဒသမ ၄ သန်း၏ တစ်နှစ်တာစားသုံးမှုနှုန်းဖြင့် တွက်ကြည့်ပါက တိုင်းဒေသကြီး/ ပြည်နယ်အများစုတွင် ကြက်သားနှင့် ဝက်သား ထုတ်လုပ်မှုနှင့် အခြေခံအစားအစာဖြစ်သည့် ကြက်ဥ၊ ဘဲဥသည်ဒေသတွင်း ဖူလုံမှုမရှိသည်ကိုတွေ့ရှိရကြောင်း၊ စားသုံးမှုနှင့်ထုတ်လုပ်မှု ကွာဟချက်ကြီးမားခြင်းကြောင့် ကုန်ဈေးနှုန်းကြီးမြင့်နေခြင်းလည်းဖြစ်ကြောင်း၊ ထို့ကြောင့်  စားသုံးမှုဖူလုံရန် မွေးမြူရေးကဏ္ဍကို ပိုမိုတိုးမြှင့်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံ၏ အမှန်တကယ် ငါးကုန် ထုတ်လုပ်မှုတွင် မွေးမြူရေးသည် ၃၀ ရာခိုင်နှုန်းနှင့် ဖမ်းယူခြင်းသည် ၇၀ ရာခိုင်နှုန်းဖြစ်နေပြီး မွေးမြူရေး တွင် ဒေသတွင်းနိုင်ငံများထက်များစွာ လျော့နည်းနေသည်ကို တွေ့ရှိရကြောင်း။ 

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လမ်းပန်း ဆက်သွယ် ရေးကောင်းမွန်မှုသည် အလွန်အရေးကြီးသည့် မောင်းနှင်အားတစ်ခုဖြစ်ကြောင်း၊ “လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှ စီးပွားရေးဖွံ့ဖြိုးမည်”ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်သူများသွားလာမှု ပိုမိုမြန်ဆန်ချောမွေ့စေရန်နှင့် ကုန်စည်စီးဆင်းမှု အရှိန်အဟုန်မြှင့်တင်နိုင်ရန်အတွက် ကုန်းလမ်း၊ ရထားလမ်းနှင့်ရေကြောင်းလမ်း၊ လေကြောင်းလမ်း ပို့ဆောင်ရေးလုပ်ငန်းများကို ဟန်ချက်ညီညီအဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့်ပဋိပက္ခများကြောင့် ပျက်စီးခဲ့ရသည့် လမ်း၊ တံတား အခြေခံ အဆောက်အအုံများကိုလည်း အမြန်ဆုံးပြန်လည် ထူထောင်ပေးလျက်ရှိကြောင်း။ 

လက်ရှိအနေအထားအရ အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံတိုင်းတွင် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းများနှင့် အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် စက်သုံး ဆီဈေးနှုန်း မြင့်တက်မှုနှင့် ပြတ်လပ်မှုဆိုင်ရာ စိန်ခေါ်မှုများကိုရင်ဆိုင်နေကြရကြောင်း၊  ၂၀၂၄ ခုနှစ်တွင် ရေနံစိမ်း တစ်စည်ကို အမေရိကန်ဒေါ်လာ ၈၄ ဝန်းကျင်ရှိခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၂ ဝန်းကျင်ရှိခဲ့ကြောင်း၊ အရှေ့အလယ်ပိုင်း ပဋိပက္ခ ဖြစ်ပွားသည့် ၂၀၂၆ ခုနှစ်နောက်ပိုင်းတွင် ရေနံစိမ်းတစ်စည်ကို အမေရိကန် ဒေါ်လာ ၁၂၆ ဒေါ်လာအထိ မြင့်တက်လာခဲ့သည့်အတွက် စက်သုံးဆီအပေါ်မှီခိုနေရသည့် စီးပွားရေးလုပ်ငန်း များ အားလုံး၏ ထုတ်လုပ်မှု ကုန်ကျစရိတ်များ မြင့်မားလာခဲ့ကြောင်း၊ မိမိတို့နိုင်ငံသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ ဘီလီ ယံခန့် စက်သုံးဆီ တင်သွင်းနေရသည့်အတွက် အဆိုပါအခက်အခဲကိုကျော်လွှားရန် စွမ်းအင်လုံခြုံရေးအတွက်  စက်သုံးဆီချွေတာရေးကို အမျိုးသားရေးမူဝါဒတစ်ရပ်အဖြစ် လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မော်တော်ယာဉ်များကို စုံရက်မရက်သတ်မှတ်ပြီး မောင်းနှင်စေခြင်း၊ ဗုဒ္ဓဟူးနေ့တွင် Work from Home ဆောင်ရွက်စေခြင်းတို့ဖြင့် စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ခဲ့ကြောင်း၊ ထိုသို့လျှော့ချနိုင်သည့်အတွက် တစ်ရက်လျှင် စက်သုံးဆီ ၁ ဒသမ ၂ ဂါလံသန်းသက်သာစေခဲ့သည့်အတွက် တစ်ရက်လျှင် အမေရိကန် ဒေါ်လာ ၇ သန်း၊ တစ်လလျှင် ဒေါ်လာသန်း ၂၁၀ ခန့်သက်သာခဲ့ပြီး လက်ရှိ အချိန်အထိ စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၁၀၀၀ ကျော်သက်သာစေခဲ့ကြောင်း၊ ပြည်သူလူထုက ပူးပေါင်းပါဝင်ပေးသည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း။

ထို့ပြင် မိမိတို့အစိုးရအနေဖြင့် စက်သုံးဆီအပေါ် မှီခိုမှုကိုလျှော့ချနိုင်ရန် မီးရထားကဏ္ဍကို အရှိန်အဟုန်ဖြင့်အဆင့်မြှင့်တင်နေခြင်းဖြစ်ကြောင်း၊ စက်သုံးဆီသုံးစွဲမှု ချွေတာနိုင်ရေးအတွက် စက်သုံးဆီအစားထိုး  ဘက်ထရီစနစ်သုံး လျှပ်စစ်ရထား စက်ခေါင်းများ (Battery electric locomotives – BEL)ပြည်တွင်းတွင် ပြောင်းလဲပြင်ဆင်ထုတ်လုပ်ပြီး အချို့လမ်းပိုင်းများတွင် စတင်ပြေးဆွဲလျက်ရှိကြောင်း၊ လတ်တလောတွင် BEL ဘက်ထရီရထားစက်ခေါင်းများ အသုံးပြုပြေးဆွဲခြင်းသည် စက်သုံးဆီသုံးစွဲမှုချွေတာနိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းစေသည့် အကောင်းဆုံးနည်းလမ်းဖြစ်သောကြောင့် လျှပ်စစ်ရထားများပြေးဆွဲ အသုံးမပြုနိုင်သေးမီ BEL စက်ခေါင်းများကို ဆက်လက်အသုံးပြုသွားရန် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ မော်တော်ယာဉ်ကဏ္ဍတွင်လည်း ဓာတ်ဆီ၊ဒီဇယ်အစား လျှပ်စစ်စွမ်း အင်သုံးယာဉ် (EV) များကို အစားထိုးအသုံးပြုရေးကို အထူးအားပေးဆောင်ရွက်လျက်ရှိကြောင်း။

အလားတူ ကုန်ကျစရိတ်သက်သာသည့် ရေကြောင်းသယ်ယူပို့ဆောင်ရေးအတွက် ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်တို့ကို ရာသီမရွေးထိရောက်စွာအသုံးပြုနိုင်ရန် ရေလမ်းကြောင်းပြင်ဆင်ရေးကြိုးပမ်း‌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လေကြောင်းပို့ဆောင်ရေးအနေဖြင့် လေကြောင်းလိုင်း(၅)လိုင်း လေယာဉ်စုစုပေါင်း(၃၂)စင်း ပြေးဆွဲပေးလျက်ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင်ရှိသည့် အနီး စခန်းလေဆိပ်၊ ကော့သောင်း၊ မြိတ်၊ ထားဝယ်၊ ပုသိမ်၊ ပုဂံညောင်ဦး၊ ကျိုင်းတုံနှင့်တာချီလိတ် လေဆိပ်များကို ခရီးသည်တင်ဂျက်လေယာဉ်များ ဆင်းသက်နိုင်စေရန်အတွက် လေယာဉ်ပြေးလမ်းကိုအဆင့်မြှင့်တင်ခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများအပါအဝင်စီမံချက်(၁၀)ခုကိုလည်း ရက်(၁၀၀)အတွင်း အောင်မြင်စွာအကောင် အထည်ဖော်ဆောင် ရွက်နိုင်ခဲ့ကြောင်း။ 

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ အဆင့်အတန်းမြင့်မားစေရန်အတွက် လျှပ်စစ်ဓာတ်အားလုံလောက်စွာ ရရှိရေးသည် အလွန်အရေးကြီးကြောင်း၊ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ကာလတိုဖြေရှင်းနိုင်ရန်အတွက် သဘာဝဓာတ်ငွေ့ရည်(LNG)အသုံးပြုသည့် ဓာတ်အား ပေးစက်ရုံစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် ပြည်တွင်း တွင် လျှပ်စစ်နှင့်စွမ်းအင်အရင်းအမြစ်များအပေါ် အခြေခံပြီး သင့်လျော်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို တွက်ချက်စဉ်းစားသည့်နေရာတွင် “နေရောင်ခြည်စွမ်းအင်”သည် မိမိတို့ နိုင်ငံအတွက် အထူးသင့်လျော်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏  ပထဝီဝင်အနေအထားအရ အီကွေတာနှင့်နီးသဖြင့် တစ်နှစ်ပတ်လုံး  နေရောင်ခြည်စွမ်းအင် အပြည့်အဝရသည့်အတွက် အရှေ့တောင်အာရှတွင် ဆိုလာစွမ်းအင်ထုတ်လုပ်နိုင်စွမ်းအလားအလာ အကြီးမားဆုံးနိုင်ငံများထဲတွင်ပါဝင်ကြောင်း၊ ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းစေသည့် ပြန်လည်ပြည့်ဖြိုးမြဲ ကိုယ်ပိုင်ဆိုလာဓာတ် အားပေးစနစ်များတည်ဆောက်တပ်ဆင်အသုံးပြုကြရန် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများကို အားပေး ဆောင်ရွက်လျှက်ရှိကြောင်း။

ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ ရေရှည်စဉ်ဆက်မပြတ် ဓာတ်အားထုတ်လုပ်နိုင်ရန် အရေးကြီးသည့်အတွက် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဧရာဝတီပင်မမြစ်ကြီးပေါ်တွင်လည်း အနိမ့်တမံနှင့် ဓာတ်အားပေးစက်ရုံများ တည်ဆောက်နိုင်ရေး လေ့လာမှုလုပ်ငန်း များဆောင်ရွက်လျက်ရှိကြောင်း၊ မြစ်ဆုံစီမံကိန်းအပါအဝင်တည်ဆောက်မည့်လျှပ်စစ်စီမံကိန်း ၁၀ ခုကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံတော်အတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အားပမာဏကို အပြည့်အဝဖြန့်ဖြူးပေးနိုင်မည် ဖြစ်သောကြောင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ အဆင့်အတန်းမြင့်မားစေရန်အတွက် ကြိုးစားအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း။     

နိုင်ငံတော်အတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အားများကို ရရှိနိုင်မည့်နည်းလမ်းမျိုးစုံဖြင့် ကြိုးစားရှာဖွေသည့်နေရာတွင် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းနှင့် နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများသည်လည်းထည့်သွင်းစဉ်းစားရမည့် နည်းလမ်းများဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ် အားရရှိရေး စီမံချက်ပြည့်မီရန်အတွက် တစ်ထောင့် တစ်နေရာက အားဖြည့်နိုင်ရန်(၆၆၀)မဂ္ဂါဝပ်အထိထွက်ရှိမည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကိုအနည်းဆုံးဖြစ်စေမည့် အဆင့်မြင့်နည်းပညာသုံးကျောက်မီးသွေးဓာတ်အားပေးစက်ရုံကို ၅ နှစ်အတွင်း အဆင့်လိုက်တည်ဆောက်သွားမည်ဖြစ်သည့်အပြင် နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက် နိုင်ရေး အတွက်လည်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

နိုင်ငံတစ်နိုင်ငံ တည်ဆောက်ရာတွင် အဓိကမောင်းနှင်အားဖြစ်သည့် လူသားအရင်းအမြစ်သည်အဓိကအကျဆုံးဖြစ်ပြီး ယင်းအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပညာရေးသည်ခိုင်မာသည့်အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ မိမိတို့မြန်မာနိုင်ငံ၏ ပညာရေးအခြေအနေကို လေ့လာကြည့်မည်ဆိုလျှင် ၂၀၂၄ ခုနှစ်တွင် အသက် ၁၅ နှစ်နှင့်အထက် လူဦးရေ၏ စာတတ်မြောက်မှုနှုန်းသည် ၉၂ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး တွက်ချက်နိုင်မှုနှုန်းသည် ၉၂ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း။

စာတတ်မြောက်မှုနှုန်းမြင့်မားနေသော်လည်း ပြည်သူလူထု၏ ကျောင်းနေရာခိုင်နှုန်းသည် နည်းပါးနေသေးပြီး ပညာအရည်အချင်းနိမ့်ကျနေဆဲဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ၂၀၂၄ ခုနှစ် သန်း ခေါင်စာရင်းအရ အသက် ၁၅ နှစ်အရွယ် လူငယ် ၅ ဦးတွင် ၃ ဦးသာလက်ရှိကျောင်း တက်ရောက်နေပြီး အသက် ၂၀ နှစ်အရွယ် ၆ ဦးသည် ၁ ဦးသာ ပညာဆက်လက်သင်ကြားလျက်ရှိသည်ကို တွေ့ရှိရသည့်အတွက် အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်တွင် ကျောင်းထွက်နှုန်း မြင့်မားနေသည်ကိုတွေ့ရကြောင်း၊ အသက် ၂၅နှစ်နှင့်အထက် လူဦးရေ၏ အမြင့်ဆုံးအောင်မြင်ပြီးစီးခဲ့ သည့် အတန်း/ပညာအဆင့်အနေဖြင့် အတန်းမရှိနှင့် မူလတန်းအဆင့် ပြီးမြောက်မှု ၄၉ ရာခိုင်နှုန်း၊ အလယ်တန်းအဆင့် ပြီးမြောက်မှု ၂၃ ဒသမ ၈ ရာခိုင်နှုန်း၊ အထက်တန်းအဆင့် ပြီးမြောက်မှု ၁၄ ရာခိုင်နှုန်းနှင့် ဘွဲ့ရပြီးသူ ၁၁ ဒသမ ၅ ရာခိုင်နှုန်း သာရှိကြောင်း၊ ယခင် သန်းခေါင်စာရင်း အချက် အလက်များကို ပြန်ကြည့်မည်ဆိုလျှင်လည်း အတန်းမရှိနှင့် မူလတန်းအဆင့်သာပြီးမြောက်သူ၁၉၇၃ ခုနှစ်တွင် ၉၀ ရာခိုင်နှုန်း၊ ၁၉၈၃ ခုနှစ်တွင် ၈၄ ရာခိုင်နှုန်းနှင့် ၂၀၁၄ ခုနှစ်တွင် ၆၁ ရာခိုင်နှုန်းရှိသည့်အတွက် မြန်မာနိုင်ငံ၏ လူဦးရေအများစုသည် မူလတန်းပညာရေးသာ ပြီးမြောက်ခဲ့ကြသည်ဟု သုံးသပ်ရရှိကြောင်း။     

ထို့ကြောင့် မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်၏ ပညာရေး ကဏ္ဍမြှင့်တင်ရေးအတွက် KG+9 အထိ မသင်မနေရပညာရေးစနစ်အဖြစ် ပြောင်းလဲပြီး နိုင်ငံတော်၏ ပညာရေးကဏ္ဍတိုးတက်လာစေရန်အတွက် နိုင်ငံတော်ဘဏ္ဍာငွေများကို ပညာရေးကဏ္ဍတွင် ပိုမိုတိုးမြှင့် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊ မိမိတို့ နိုင်ငံ၏ ပညာရေးကဏ္ဍတိုးတက်ရန်အတွက် ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၆ ဒသမ ၉၂ ရာခိုင် နှုန်း အသုံးပြုသွားမည်ဖြစ်သကဲ့သို့ အခြားဝန်ကြီးဌာနများ၏ ပညာရေးကဏ္ဍများအပါအဝင် နိုင်ငံတော်ဘဏ္ဍာငွေမှ ၉ ဒသမ ၂၂ ရာခိုင် နှုန်းကို အသုံးပြုသွားမည် ဖြစ်ကြောင်း၊ လာမည့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင်လည်း ပညာရေးဝန်ကြီးဌာနအတွက် နိုင်ငံတော်ဘဏ္ဍာ ငွေ၏ ၁၀ ရာခိုင်နှုန်းထက်မနည်း တိုးမြှင့်အသုံးပြုသွားမည်ဖြစ်ပြီး လာမည့်တစ်နှစ်ကျော် ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်တွင် ပညာရေးကဏ္ဍအတွက် နိုင်ငံတော်ဘဏ္ဍာငွေ၏ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့် အသုံးပြု သွားရန် စီမံဆောင်ရွက်လျှက်ရှိကြောင်း။ 

လက်ရှိကာလ ပညာရေးဝန်ကြီးဌာန၏ စာရင်းအင်းအချက်အလက်များအရ ၂၀၂၆ – ၂၀၂၇ ပညာ သင်နှစ်၊ အခြေခံပညာမူလတန်း အဆင့်တွင် ၄ ဒသမ ၉ သန်းခန့်၊ အလယ်တန်း အဆင့်တွင် ၂ သန်းကျော်၊ အထက်တန်းအဆင့်တွင် ၆ သိန်းကျော်နှင့် စုစုပေါင်း ၇ ဒသမ ၅ သန်းကျော် တက်ရောက် ပညာသင်ကြား လျက်ရှိသည်ကိုတွေ့ရှိရကြောင််း၊ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်မှာ အခြေခံပညာ အဆင့် ကျောင်းသားစုစုပေါင်း ၇ ဒသမ ၁ သန်းကျော် တက်ရောက်ခဲ့မှုနှင့် ပြန်လည်နှိုင်းယှဉ် ကြည့်သည့်အခါ ယခုနှစ်တွင် ကျောင်းသားဦးရေ ၄ သိန်းခန့် ပိုမိုတိုးတက်လာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ သို့သော်လည်း ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ကျောင်းတက် ရောက်သူ ၉ ဒသမ   ၄ သန်းနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် လျော့နည်း နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်နိုင်ရန်အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း။    ပညာရေး အားနည်းသည့်ဒေသများအတွက် အထူးစီမံချက်များချမှတ်ပြီး KG+9 အထိ ပညာသင်ကြား နိုင်ရေးဆောင်ရွက်ပေးသွားမည်ဖြစ်သကဲ့သို့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက် တန်းကျောင်းများကိုလည်း (၉၂)ကျောင်းအထိ ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း၊ စိုက်ပျိုးရေး နှင့်မွေးမြူရေး သိပ္ပံကျောင်းများမှတစ်ဆင့် သင့်တော်သည့် သိပ္ပံကျောင်းများကို တက္ကသိုလ်/ ကောလိပ် အဆင့်မြှင့်တင်ခြင်းနှင့် Polytechnic သိပ္ပံများ နှင့်တက္ကသိုလ်များတိုးချဲ့ဖွင့်လှစ်နိုင်ရေးလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း ၁၅ ကျောင်းထဲမှ ကျောင်းဧရိယာနှင့် အခြေခံအဆောက်အအုံအရ သင့်တော်သည့် ပွင့်ဖြူ၊ သာယာဝတီ၊ သထုံနှင့် ဟဲဟိုးတို့တွင်ရှိသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံများကို စိုက်ပျိုးရေးနှင့် မွေးမြူရေးကောလိပ်အဖြစ် အဆင့်တိုးမြှင့်နိုင်ရန်နှင့်လိုအပ်သည့် ဆရာ၊ ဆရာမနှင့် ဝန်ထမ်းများ ခန့်အပ် နိုင်ရန် စီမံဆောင်ရွက် နေပြီဖြစ်ကြောင်း။         

ပညာရေးကဏ္ဍတွင် အခြေခံပညာကျောင်းပေါင်း ၅၀,၉၆၂ ကျောင်း ရှိသည့်အနက် ၃၅,၅၃၉ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနအောက်တွင်ရှိသည့် တက္ကသိုလ် အခု ၅၀ အနက် ၄၈ ခု ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အခြေခံပညာအဆင့်တွင် ဆရာ၊ ဆရာမအင်အား ၃၁၅,၂၈၅ ဦး၊ အဆင့်မြင့်ပညာအဆင့်တွင် ၁၀,၆၇၉ ဦး တာဝန်ထမ်း ဆောင် လျက်ရှိကြောင်း၊ ပညာရေးဒီဂရီကောလိပ် ၂၅ ခု အနက် ၅ ခုကို ဆရာအတတ် ပညာသင် တက္ကသိုလ်အဆင့် မြှင့်တင်နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း၊ ပညာရေးဒီဂရီကောလိပ်တွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများကို ဆရာအတတ်ပညာ သင်တက္ကသိုလ်များတွင် မဟာဘွဲ့ တက်ခွင့်ပေးပြီး မဟာဘွဲ့ရပါက အထက်တန်းပြအဖြစ် ခန့်အပ်သွားမည်ဖြစ်ကြောင်း၊ မူလတန်း ပြအဖြစ်သာ တာဝန်ထမ်းဆောင်လိုသူများကို ပညာရေးဒီဂရီကောလိပ်က သက်ဆိုင်ရာဘွဲ့ရပြီးပါက လက်ထောက်မူလတန်းပြ (လက်ထောက်အလယ်တန်း ပြနှင့် လစာတူ)အဖြစ် ခန့်အပ်ပြီးသင်ကြားသည့် လုပ်သက်နှင့် အရည်အချင်းပေါ်မူတည်ပြီး ဆက်လက်၍ ဒုတိယ မူလတန်းပြ (အလယ်တန်းပြနှင့် လစာတူ)၊ တစ်ဖန်သတ်မှတ်လုပ်သက်နှင့်အရည်အချင်းကိုက်ညီပါက မူလတန်းပြ(အထက်တန်းပြနှင့်လစာတူ) ရာထူး/ လခများတိုးမြှင့်ပေး သွားမည်ဖြစ်ကြောင်း။

ကလေးငယ်များ၏ ပညာရေးတွင် မူလတန်းသည်အရေးကြီးသည့်အတွက် ထိုသို့စီစဉ်ပေးထားခြင်းဖြစ်ကြောင်း၊ အလားတူ ပညာရေးဒီဂရီကောလိပ်တွင်ဘွဲ့ရပြီးပါက လက်ထောက်အလယ်တန်းပြအဖြစ် ခန့်အပ်မည်ဖြစ်ပြီး သတ်မှတ်လုပ်သက်နှင့် အရည်အချင်းပြည့်မီလျှင် ဒုတိယအလယ်တန်းပြ၊ သတ်မှတ် လုပ်သက်နှင့်အရည်အချင်းပြည့်မီလျှင် အလယ်တန်းပြ(အထက်တန်းပြနှင့်လစာတူ)အဖြစ်တိုးမြှင့်ခန့် အပ်သွားမည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ခန့်အပ်ရန်ကြန့်ကြာနေသည့် ဆရာ၊ ဆရာမ ၈၀၀၀ ကိုလည်း ယခုလအတွင်း ခန့်အပ် ထားပြီးဖြစ်ကြောင်း၊ ပညာရေးပြုပြင်ပြောင်းလဲမှုတွင် ကလေးများကို စာမေးပွဲအောင်ရုံမျှမဟုတ်ဘဲ အမှန်တကယ်နားလည်တတ်မြောက်သည့် ကလေးများဖြစ်အောင်၊ ဘက်စုံ ထူးချွန်သည့် ကလေးများဖြစ်အောင် ပြုစုပျိုးထောင်ပေးရန်နှင့် “၏” “သည်” မရွေးမှန်မှ အမှတ်ပေးသည့် စနစ်ကို ပြုပြင်ပြောင်းလဲရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဗလငါးတန်နှင့်ပြည့်ဝသည့်ကျောင်း များဖြစ်စေရန်အတွက် အခြေခံပညာကဏ္ဍတွင် Smart School နှင့် Football for School Program ကိုလည်း မိမိတို့အစိုးရ၏ ရက် ၁၀၀ ကာလအတွင်းတွင် အားကစားရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့နှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည့်အပြင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ တက္ကသိုလ်ကြီးများတွင် ဘွဲ့နှင်းသဘင်ခန်းမ၊ အပန်းဖြေရိပ်သာ၊ အဆင့်မီဘောလုံးကွင်းနှင့်အားကစားရုံများလည်း ဆောက်လုပ် ပေးလျက်ရှိကြောင်း။        

မိမိတို့အစိုးရအနေဖြင့် အာကာသနည်းပညာကဏ္ဍတွင် ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းဆောင်ရွက်နိုင်ရန် အာကာသပြတိုက်ဖွင့်လှစ်ခြင်း၊ လူငယ်များအတွက် အာကာသဆိုင်ရာ ပြိုင်ပွဲများကျင်းပပေးခြင်းစသည့် လူထုပညာပေးရေးအစီအစဉ်များမှသည် ဂြိုဟ်တုမြေပြင် ထိန်းချုပ်ရေးစခန်း တည်ဆောက်ခြင်းများအထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဂြိုဟ်တုအချက်အလက်များနှင့် AI နည်းပညာကိုပေါင်းစပ်ပြီး စိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့်မြေအသုံးချမှုစီမံခန့်ခွဲရေးအပါအဝင် အခြားလူမှုစီးပွား ဖွံ့ဖြိုးရေးကဏ္ဍများတွင် လက်တွေ့အသုံးချနိုင်ရန်လည်း ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ ပြည်ပ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ရုရှားနိုင်ငံနှင့် အစိုးရအချင်းချင်း သဘောတူညီချက်ရေးထိုးထားသကဲ့သို့ တရုတ်၊ အိန္ဒိယ၊ ဘယ်လာရုစ်တို့အပါအဝင် နိုင်ငံတကာ အာကာသအဖွဲ့အစည်းများနှင့်လည်း အာကာသနည်းပညာနယ်ပယ် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း၊ မကြာမီအချိန်တွင် မြန်မာနိုင်ငံပိုင်ဂြိုဟ်တုကို တရုတ်နိုင်ငံနှင့်ပူးပေါင်းပြီး လွှတ်တင်နိုင်ရန် လူ့စွမ်းအားအရင်းအမြစ်နှင့်လိုအပ်သည့် နည်းပညာလုပ်ငန်းများကို စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း၊ Nano Satellite နှင့် Micro Satellite များကိုလည်း မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းတည် ဆောက် လွှတ်တင်သွားမည် ဖြစ်ကြောင်း။ 

ထို့ပြင် မြန်မာအာကာသယာဉ်မှူးများ အာကာသခရီးစဉ်တွင်ပါဝင်နိုင်ရန် ရုရှားနိုင်ငံနှင့်ပူးပေါင်းပြီး အာကာသယာဉ်မှူးလောင်းများကို စိစစ်ရွေးချယ်လေ့ကျင့်ပေးနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း၊ အာကာသနည်းပညာသည် ကုန်ကျစရိတ်များပြားပြီး အချိန်ယူဆောင်ရွက်ရသည့် ကဏ္ဍဖြစ်သော်လည်း နိုင်ငံ၏ရေရှည်အနာဂတ်အတွက် မဖြစ်မနေရင်းနှီးမြှုပ်နှံ သွားရမည်ဖြစ်ကြောင်း။ 

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်ရာတွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးသည်လည်း အခြေခံကျပြီး ပဓာနကျသည့်အချက်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ”ဆိုသည့် ခံယူချက်ကိုဦးထိပ်ပန်ဆင်ပြီး ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုမည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ မိမိတို့ အစိုးရ၏ အဓိကရည်မှန်းချက်သည် “ဆေးရုံရှိလျှင်၊ ဆရာဝန်ရှိရမည်”ဖြစ်ပြီး မြို့ပြနှင့်ကျေးလက်ပါမကျန်၊ ဆင်းရဲချမ်းသာမရွေး လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု(UHC)ကိုရရှိခံစားနိုင်စေရန်ဖြစ်ကြောင်း၊ မိမိတို့မြန်မာနိုင်ငံ၏ မွေးဖွားစဉ်မျှော် မှန်းသက်တမ်းသည် ၂၀၀၀ ပြည့်နှစ် မြန်မာ့ကျန်းမာရေးမျှော်မှန်းချက် နှစ် ၃၀ နှစ်ရှည် စီမံကိန်းအစနှစ်တွင် ၆၀ မှ ၆၄ နှစ်ကြားသာရှိခဲ့ကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် မျှော်မှန်းသက်တမ်း ကို ၇၅ နှစ်မှ ၈၀ နှစ်အကြားအထိ တိုးမြင့်လာရန် မျှော်မှန်းဆောင်လျှက်ရှိကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုယန္တရားကြီးတစ်ခုလုံး ကောင်း မွန်ရန်အတွက် ကျွမ်းကျင်သည့်ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များသည် အလွန်အရေးကြီးကြောင်း။

ထို့ကြောင့် မိမိတို့အစိုးရအနေဖြင့် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ၁၅ ကျောင်းကို သူနာပြုသိပ္ပံများအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ကျန်ရှိနေသည့် သူနာပြုနှင့် သားဖွားနှီးနွှယ်သင်တန်းကျောင်း ၂၇ ကျောင်းကိုလည်း ဦးစားပေးအနေဖြင့် ဖွဲ့စည်းပုံတိုးမြှင့်ပေးနိုင်ခဲ့ကြောင်း၊ သူနာပြုများ၏ ဂုဏ်သိက္ခာနှင့် တာဝန်ထမ်းဆောင်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် သူနာပြုများအတွက် ရာထူး အဆင့်အလိုက် လစာတိုးမြှင့်ခြင်းနှင့် ထပ်ဆောင်းချီးမြှင့်ငွေများကိုလည်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်က စ၍ ခံစားခွင့်ပြုထားပြီ ဖြစ်ပါကြောင်း၊ ထို့အပြင် ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဆရာဝန် သစ်လွင် ၁၂၀၀ ခန့်နှင့် သူနာပြု သစ်လွင် ၂၆၀၀ ခန့်ကို ထပ်မံခန့်အပ်နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း။ 

ကျန်းမာရေးကဏ္ဍတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရှိသည့် ခုတင် ၂၀၀ ဆံ့ ဆေးရုံများကို ခုတင် ၃၀၀ ဆံ့ ဆေးရုံအဖြစ် အဆင့်မြှင့်တင်ပေးခြင်း၊ ဆေးပစ္စည်းကိရိယာများဖြည့်တင်းပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းအိမ်ရာများကိုလည်း တိုးချဲ့ဆောက် လုပ်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသားများ ပြည်ပတွင် သွားရောက်ဆေးကုသည့် အရေအတွက်ကလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာခြင်းကြောင့် နိုင်ငံခြားငွေအမြောက်အမြားကုန်ကျနေပြီး ထူးချွန်ထက်မြက်သည့် မြန်မာနိုင်ငံသားဆေးပညာရှင်အများအပြားသည် ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ပြည်တွင်းတွင် အဆင့်မြင့်ဆေးရုံကြီးများတည် ဆောက်ပြီး ပြည်ပရောက် မြန်မာဆေးပညာရှင်များ လာရောက် ဆေးကုသပေးနိုင်အောင် စီးပွားရေး လုပ်ငန်း ရှင်များက ရင်းနှီးမြှုပ်နှံကြရန် တိုက်တွန်းလိုပါကြောင်း။          

မိမိတို့နိုင်ငံသည် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ လူငယ်ဦးရေ ၁၇ သန်းခန့်ရှိပြီး စုစုပေါင်းလူဦးရေ၏  ၃၂ ဒသမ ၆၉ ရာခိုင်နှုန်းဖြစ်သည့်အတွက် လူငယ် အင်အားများပြားသည့် နိုင်ငံဖြစ်သည်မှာ ရွှေရောင်အခွင့်အရေးတစ်ရပ်ပင်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ အခွင့်အလမ်းကောင်းရှိနေသော်လည်း လူငယ်ထုအတွင်းတွင် ကျောင်းထွက်နှုန်းမြင့်မားနေသည့်အတွက် အဆင့်မြင့်ပညာရရှိမှု၊ သက်မွေးပညာရေးရရှိမှု၊ ဒီဂျစ်တယ်နည်းပညာ တတ်ကျွမ်းမှုစသည့် ပညာရေးဆိုင်ရာအားနည်းချက်များ ဖြစ်ပေါ်နေပါကြောင်း၊ ထိုကဲ့သို့ အားနည်းချက်များကြောင့် ဘဝအာမခံချက်ရှိသည့် အလုပ်အကိုင်ရရှိမှု အားနည်းခြင်း၊ ပုံမှန်လုပ်ခလစာ မရရှိသည့်အလုပ်(Informal sectors)များတွင် အများစုလုပ်ကိုင်နေရခြင်း၊ ကျောင်းသင် ပညာရေးနှင့် အလုပ်အကိုင်ကိုက်ညီမှု အားနည်းခြင်း၊ စွန့်ဦးတီထွင် လုပ်ငန်းနှင့် ဆန်းသစ်တီထွင်မှုဂေဟစနစ်အားနည်းခြင်းစသည့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများ၊ မူးယစ်ဆေးဝါး ပြဿနာ၊ အွန်လိုင်းလောင်းကစား၊ အကြမ်းဖက်မှုနှင့်ရာဇဝတ်မှုများ၊ စိတ်ကျန်းမာရေး ပြဿနာများ စသည့် လူမှုရေးဆိုင်ရာ စိန်ခေါ်မှုများအပြင် နိုင်ငံတော်ကာကွယ်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မှု(Civic Engagement)နည်းပါးခြင်း၊ ပရဟိတလုပ်ငန်း၊ စေတနာ့ဝန် ထမ်းလုပ်ငန်းများတွင် စိတ်ရင်းစေတနာဖြင့် လုပ်ကိုင်ကြသည်မှန်သော်လည်း စည်းစနစ်တကျ ဆောင်ရွက် နိုင်မှုအားနည်းခြင်းစသည့် အမျိုးသားရေးစိတ်ဓာတ် ဖွံ့ဖြိုးရေးဆိုင်ရာ စိန်ခေါ်မှုများကိုလည်း မိမိတို့နိုင်ငံတွင် တွေ့ကြုံနေရသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း။ 

ထို့ကြောင့် မိမိတို့နိုင်ငံတွင် ယခင်က လူငယ်နှင့်သက်ဆိုင်သည့်ဝန်ကြီးဌာနသီးခြားမရှိခဲ့ သော်လည်း အနာဂတ်နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအလေးထား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လူငယ်ရေးရာဝန်ကြီးဌာနကို သီးခြားဖွဲ့စည်းခဲ့ပါကြောင်း၊ မိမိအနေဖြင့် လူငယ်များသည် တန်ဖိုးမဖြတ်နိုင်သည့် သက်ရှိသယံဇာတများဖြစ်သည်ဟုခံယူထားပြီး နိုင်ငံတော်ကို အကျိုးပြုမည့် နိုင်ငံ့သားကောင်း ရတနာများ ပေါ်ထွန်းလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရန်အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမျှော်မှန်းချက်အဖြစ် “စွမ်းရည်ပြည့်ဝသော လူငယ်၊ အားကောင်းသောနိုင်ငံ၊ မျှဝေပိုင်ဆိုင်သော အနာဂတ်” (Empowered Youth, Strong Nation, Shared Future)ဆိုသည့် ဆောင်ပုဒ်ကိုချမှတ်ထားပြီး “အမျိုးသားအဆင့် လူငယ်ဖွံ့ဖြိုးရေးမူဝါဒ မူဘောင်တစ်ရပ်ရေးဆွဲကာ မဟာဗျုဟာများ၊ ရေတို/ရေရှည်စီမံ ကိန်းများရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ပြောကြားလိုပါကြောင်း။   

နိုင်ငံအသီးသီးတွင် အားကစားကဏ္ဍသည် ယခင်ကကဲ့သို့ပြိုင်ပွဲဝင်ရန်၊ ဆုတံဆိပ်ရယူရန်အတွက်လောက်သာ မဟုတ်တော့ဘဲ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရန်၊ လူငယ်များ၏စည်းကမ်း၊ ခေါင်းဆောင်မှုနှင့်အသင်းအဖွဲ့စိတ်ဓာတ်မွေးမြူပေးနိုင်ရန်၊ အမျိုးသားစည်းလုံးညီညွတ်မှု တည်ဆောက်ပေးနိုင်ရန် အထောက်အကူပြုစေသည့်အပြင် နိုင်ငံတကာအလယ်တွင် နိုင်ငံ့ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်သည့်အတွက် အားကစားပြိုင်ပွဲများကို လက်နက်မပါသည့်တိုက်ပွဲများဟု တင်စားလာကြပါကြောင်း၊ ထို့ကြောင့် မြန်မာ့အားကစားကဏ္ဍ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးကိုရှေ့ရှုပြီး အားကစားရေးရာဝန်ကြီးဌာနကို သီးခြားဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပါကြောင်း။

ထို့အပြင် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်ကောလိပ်များ၊ မြို့နယ်များတွင် အဆင့်အတန်းမီ ဘောလုံးကွင်းများ၊ မိုးလုံလေလုံအားကစားရုံများ၊ အများပြည်သူအားကစားလုပ်နိုင်သည့် ပန်းခြံများကို နိုင်ငံတော်ဘဏ္ဍာမှ စိုက်ထုတ်ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။           

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအစီရင်ခံစာအရ မြန်မာနိုင်ငံတွင် အမျိုးသမီးဦးရေသည် ၅၃ ရာခိုင်နှုန်းခန့်ရှိပါကြောင်း၊ မိမိတို့ မြန်မာအမျိုးသမီးများသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရပ်ပိုင်းနှင့်အနုပညာစသည့် ကဏ္ဍများတွင်သာမက နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးယန္တရားများတွင်ပါ အမျိုးသားများနှင့်တန်းတူတိုင်းပြည်အကျိုးကို စွမ်းစွမ်းတမံသယ်ပိုးနေကြပြီဖြစ်ပါကြောင်း၊ လွှတ်တော်အသီးသီးတွင် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များ၏ ပါဝင်မှုနှုန်းကိုကြည့်မည်ဆိုပါက ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်တွင် ၄ ဒသမ ၈ ရာခိုင်နှုန်း ရှိရာမှ ဒုတိယအကြိမ်တွင် ၁၀ ဒသမ ၅ ရာခိုင်နှုန်းနှင့် အခုတတိယအကြိမ်တွင် ၁၄ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုးတက်မှုရှိလာသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ အလားတူ အစိုးရ အဖွဲ့အစည်းများအတွင်း ညွှန်ကြားရေးမှူးအဆင့်တူနှင့်အထက် အဆင့်မြင့်ရာထူးများတွင်  အမျိုးသမီးပါဝင်မှုအချိုးသည် ၅၁ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်မားလာသည်ကိုတွေ့ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့အစိုးရအနေဖြင့် မြန်မာအမျိုးသမီးများ နယ်ပယ်အသီးသီးတွင် စွမ်းဆောင်ရည်များ ပိုမိုမြင့်မားလာစေရန် အမျိုးသမီးရေးရာဝန်ကြီးဌာနကို သီးခြားဖွဲ့စည်း တာဝန်ပေးဆောင်ရွက်ခဲ့ပါကြောင်း။    နိုင်ငံတွင် စီးပွားရေးအင်အား မတောင့်တင်းပါက၊ နိုင်ငံမချမ်းသာပါက ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်သလို ပြည်သူများ၏ လူမှုစီးပွားဘဝများလည်း နိမ့်ကျနေမည်ဖြစ်ပါကြောင်း၊ ဒေသတွင်း နိုင်ငံများ၊ အာဆီယံ နိုင်ငံများနှင့်နှိုင်းယှဉ်ပါက မိမိတို့နိုင်ငံ၏ GDP သည် လွန်စွာနည်းပါးနေသည်မှာ ကုန်ထုတ်လုပ်မှုအားနည်းခြင်းကြောင့် ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် ကာလကြာရှည်စွာ ကုန်သွယ်မှုမဟုတ်သည့်(Non Trade)ဝင်ငွေကိုသာ အားကိုးခဲ့သည်ကို တွေ့ရပါကြောင်း၊ မိမိတို့ နိုင်ငံအတွင်းတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန်အတွက် လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်ပြီး ရိုးရှင်းသည့် စည်းမျဉ်း စည်းကမ်းများနှင့် စီးပွားရေးလုပ်ငန်းများ အရှိန်မြှင့်တင်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိက မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု(PPP)ကို အလေးထားမြှင့် တင်ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ သုတေသနဖွံ့ဖြိုးရေးတို့ကို အားကောင်းစေခြင်းနှင့် မူဝါဒတည်ငြိမ်မှုရှိခြင်းသည်လည်း ပုဂ္ဂလိကကဏ္ဍ၏ ယုံကြည်မှုနှင့် ရင်းနှီးမြုပ်နှံမှုများကို အားပေးရာရောက်ကြောင်း ပြောလိုပါကြောင်း။

မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေ ၄ ဘီလီယံခန့်ရှိသည့် စက်ဝိုင်းအလယ်တွင်တည်ရှိနေပြီး စီးပွားရေးအရ၊ ကုန်သွယ်ရေးအရအင်မတန် အလား အလာကောင်းသည့် နိုင်ငံတစ်ခုဖြစ်သည့်အတွက် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်စေရေး ပြည်ပပို့ကုန်ကဏ္ဍကို တိုးမြှင့်ရမည် ဖြစ်သလို ပြည်ပသွင်းကုန် အစားထိုးနိုင်မည့် ပြည်တွင်းကုန်ထုတ် လုပ်မှုကဏ္ဍကို မြှင့်တင်ရန်အရေးကြီးကြောင်းကို ပြောကြားလိုပါကြောင်း၊ ဤနေရာတွင် ကုန်ဈေးနှုန်းကြီးမြင့်နေရသည့် အကြောင်းရင်းများကို ပြောကြားလိုပါကြောင်း၊ အဓိကမှာ  လောင်စာဆီ ဈေးနှုန်းတက်ခြင်း၊ ထုတ်ကုန်နည်းပါးခြင်း၊ ကုန်သွယ်မှု လိုငွေများကြောင့် ငွေကြေးဖောင်းပွမှုဖြစ်လာခြင်း၊ အသုံးစရိတ်များပြားခြင်းတို့ကြောင့်ဖြစ်ပါကြောင်း၊ ကုန်သွယ်ရေးလိုငွေပြမှု ဖြစ်ပေါ်စေသည့် ပြည်တွင်း ထုတ်ကုန်နည်းပါးပြီး သွင်းကုန်များပြားနေခြင်းက တစ်ချက်ပါဝင်ပါကြောင်း၊ ထို့အပြင် ငွေကြေးမူဝါဒ၊ ဘဏ္ဍာရေးမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒ၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒများကို ပြန်လည်သုံးသပ်လေ့လာပြီး စီးပွားရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။     

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်နှင့်အထက် လူဦးရေ၏ လုပ်သားအင်အား ပါဝင်မှုနှုန်းမှာ ၄၇ ရာခိုင်နှုန်း သာရှိပါ ကြောင်း၊ လေ့လာသုံးသပ်ချက်များအရ အလုပ်လုပ်ကိုင်သူများ၏ ၈၀ ရာခိုင်နှုန်း ခန့်သည် ပုံမှန် လုပ်ခလစာ မရရှိသည့် အလုပ်များတွင် လုပ်ကိုင် နေကြပြီး အစိုးရဝန်ထမ်းနှင့် ကုမ္ပဏီစသည့် ပုံမှန်လုပ်ခလစာရရှိသည့် အလုပ်များတွင် လုပ်ကိုင်နေသူ ၂၀ ရာခိုင်နှုန်း အောက်သာ ရှိသည်ကို တွေ့ရှိရ ပါကြောင်း၊ ထို့ကြောင့် မိမိတို့ လူငယ်များအတွက် အဓိကစိန်ခေါ်မှုသည် အလုပ်အကိုင်မရှိခြင်းထက် ဘဝအာမခံချက်ရှိသည့် အလုပ်အကိုင်ရရှိရေးပင် ဖြစ်ပါကြောင်း။  ထို့အပြင် ပြည်ပနိုင်ငံများကို ရွှေ့ပြောင်းသူများထဲတွင် အသက် ၁၅ နှစ်မှ ၃၄ နှစ်အကြား အုပ်စုသည် ထွက်ခွာသူများ၏ ၇၁ ဒသမ ၇ ရာခိုင်နှုန်းခန့်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထိုကဲ့သို့ပြည်ပ ထွက်ခွာအလုပ်လုပ်ကိုင်မှုများသည် ပြည်ပမှ မိသားစုထံကို ငွေလွှဲပို့နိုင် သည့်အတွက် မိသားစု ဝင်ငွေကို အထောက်အကူပြုနိုင်ခြင်း၊ လူငယ်များအနေနှင့်နည်းပညာကျွမ်းကျင်မှုနှင့် အတွေ့ကြုံအသစ်များကိုရရှိလာနိုင်ခြင်းစသည့် ကောင်းကျိုးအချို့ရှိသော်လည်း ပြည်တွင်း၌ ကျွမ်းကျင်လုပ်သားရှားပါးလာမှုနှင့်ကုန်ထုတ်လုပ်မှု စွမ်းအားကျဆင်းမှုများကိုဖြစ်ပေါ်စေနိုင်သည့်အတွက် ရေရှည်တွင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတား ဖြစ်လာမည်ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံသည် အိန္ဒိယသမုဒ္ဒရာနှင့်တိုက်ရိုက်ပေါက်ရောက်ပြီး ပင်လယ်ကမ်းရိုးတန်း(၂၁၃၈)ကီလိုမီတာရှိသလို ဒေသတွင်းအာဆီယံနိုင်ငံများတွင်လည်း ကုန်းမြေဧရိယာအများဆုံးပိုင်ဆိုင်သည့် နိုင်ငံ တစ်ခုလည်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ပထဝီဝင်အနေအထားအရ အာရှတိုက်၏ အင်အားကြီးနိုင်ငံများအကြား ဗဟိုချက်မတွင်တည်ရှိနေသည့်အတွက် ဒေသတွင်း ကုန်သွယ်မှုတံတားအဖြစ် ဖော်ဆောင်ရေးသည် မိမိတို့အစိုးရအဖွဲ့၏ အရေးကြီးသည့် မဟာဗျူဟာမြောက်ရည်မှန်းချက်တစ်ခု ဖြစ်ပါကြောင်း။

ထို့ကြောင့် မိမိတို့အနေဖြင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ နယ်စပ်ဖြတ်ကျော်လမ်းမကြီးစီမံကိန်းကို အထူးအလေးထားဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရတာဝန်ယူထားရသည့် ကာလအတွင်း ရာနှုန်းပြည့်ပြီးစီးမှုရှိရန် မျှော်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊  ထို့အပြင်“ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း”(BRI)၏  အဓိကစီမံကိန်းတစ်ခုဖြစ်သည့် မန္တလေး – မူဆယ် ရထားလမ်းစီမံကိန်းသည် မိမိတို့နိုင်ငံ၏ မြောက်ဘက်စီးပွားရေးတံခါးပေါက်ကို ဖွင့်လှစ်ပေးမည့် အသက်သွေးကြောလည်းဖြစ်ပါကြောင်း၊ မြန်မာ-တရုတ် ကုန်သွယ်မှုနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို များစွာအရှိန်မြှင့်တင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ စီမံကိန်းကြီးများအောင်မြင်ရန်အတွက် နယ်မြေတည်ငြိမ်အေးချမ်းမှုရှိရေးသည် အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်ပါကြောင်း၊ သစ်အဆွေးနှင့်ပန်းပုထု၍ မရသကဲ့သို့ တိုင်းပြည်မအေးချမ်းလျှင် ဖွံ့ဖြိုးမှုလုပ်ငန်းများဆောင်ရွက်နိုင်မည်မဟုတ်ပါကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းလျှင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အနှောင့် အယှက်မရှိ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။       

ယနေ့မျက်မှောက်ကာလတွင် အကြီးမားဆုံးစိန်ခေါ်မှုတစ်ရပ်ဖြစ်သည့် သဘာဝဘေးအန္တရာယ်ကျရောက်မှုများသည် ကမ္ဘာကြီးပူနွေးလာခြင်းကြောင့်ဖြစ်ပြီး ထိုကဲ့သို့ ရာသီဥတုပြောင်းလဲမှု ဖြစ်ပေါ်လာခြင်းကလည်း သစ်တောများပြုန်းတီးမှုကြောင့် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် စီးပွားဖြစ် သစ်ထုတ်လုပ်မှုကို ဥပဒေအရတားမြစ်ထားသော်လည်း သစ်တောပြုန်းတီးမှုအခြေအနေသည် လုံခြုံရေးအားနည်းနေမှုကိုအခွင့်ကောင်းယူပြီး တစ်ဖက်နိုင်ငံကို တရားမဝင်သစ်ခိုးထုတ်တင်ပို့ရောင်းချနေခြင်းကြောင့် ဖြစ်သည်ကိုတွေ့ရှိရပါကြောင်း၊ ထိုကဲ့သို့ တရားမဝင်သစ်ထုတ်လုပ်တင်ပို့ ရောင်းချမှုများကြောင့် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေးနှင့်ပတ်ဝန်းကျင်ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ခဲ့ရပါကြောင်း။    

သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကို ဖြေရှင်းနိုင်ရန်နည်းလမ်းအမျိုးမျိုးရှိသည့် အထဲက သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်းသည် အရိုးရှင်းဆုံး၊ အထိရောက်ဆုံး၊ ကုန်ကျစရိတ် အသက်သာဆုံးနှင့်လူတိုင်းလုပ်နိုင်သည့် အလုပ်ဖြစ်သလို သဘာဝနှင့်လည်း လိုက်လျောညီထွေဖြစ်ပြီး အကျိုးအရှိဆုံး လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မှသာ ကျေးရွာများသန့်ရှင်းသပ်ရပ်စိမ်းလန်းစိုပြည်ပြီး ခေတ်မီနည်းပညာများကို အသုံးချနိုင်သည့် စံပြကျေးရွာများ(Clean, Green and Smart Villages)အဖြစ် အသွင်ကူးပြောင်းနိုင်မည်ဖြစ်ပါကြောင်း၊ ထို့မှတစ်ဆင့် နိုင်ငံတစ်ဝန်းလုံးရှိ မြို့ကြီးပြကြီးများ အထိပါ Smart City များအဖြစ် ကွန်ရက်ချိတ်ဆက် တက်လှမ်းနိုင်မည်ဖြစ်ပါကြောင်း။    

မြန်မာနိုင်ငံ၏ လက်ရှိသစ်တော ဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၅ ရာခိုင်နှုန်း ရှိသည့်အတွက် ရေရှည်စီမံကိန်းအဖြစ် နိုင်ငံဧရိယာ၏ ၅၀ ရာခိုင်နှုန်းအထိ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ရန်အတွက် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့”ဆိုသည့် မူဝါဒကိုချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း။                        

မိမိတို့နိုင်ငံတွင်လူဦးရေနှစ်စဉ်တိုးပွားလာနေပြီး အထူးသဖြင့် မြို့ပြနေလူဦးရေမှာ တစ်နေ့တခြားပိုမိုများပြားလာသည်ကိုတွေ့ရမည်ဖြစ်ပါကြောင်း၊ မြို့ပြသာယာလှပရေးနှင့် ပတ်သက်ပြီး မြို့ပြတိုးချဲ့တည်ဆောက်ရေးစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သည့်နေရာတွင် ရေ၊ မီး၊ လမ်းနှင့် အခြေခံ အဆောက်အအုံများကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ အဆင့်မီအိမ်ရာများ ဆောက်လုပ်ပေးရန်၊ မြို့ကွက်သစ်များ ဖော်ဆောင်ထားခြင်းနှင့်အညီ အမှန်တကယ်ဆောက်လုပ်နေထိုင်ကြစေရန်၊ မြို့ပြသာယာလှပရေးနှင့်ပတ်သက်ပြီး ချမှတ်ထားသည့် စည်ပင်သာယာစည်းမျဉ်း စည်းကမ်းများနှင့်အညီ နေထိုင်ကြရန် ကြပ်မတ်ဆောင်ရွက်လျက် ရှိပါကြောင်း။    

ပြည်နယ်နှင့် တိုင်းဒေသကြီးများက မြို့တော်များအားလုံးတွင် အထူးတန်းပွဲကြည့် စင်နှင့် ပရိသတ် ၅၀၀၀ ဆန့်၊ မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်း၊ မိုးလုံလေလုံ အားကစားရုံ၊ မိုးလုံ လေလုံရေကူး ကန်များကို ပထမအဆင့်အနေဖြင့် တည်ဆောက်ပေးနေပါကြောင်း၊ လူဦးရေ များပြားသည့် ခရိုင်မြို့ကြီး များတွင် ပွဲကြည့်ပရိသတ် ၃၀၀၀ ဝင်ဆံ့သည့် မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်းများ အဆင့်မြှင့်တင် တည်ဆောက်ပေးလျက်ရှိပါကြောင်း၊ ဘဏ္ဍာငွေအပေါ် မူတည်ပြီး ကျန်ခရိုင်၊ မြို့နယ်များ အားလုံးတွင်လည်း ဆက်လက် တည်ဆောက်ပေးသွားမည် ဖြစ်ပါကြောင်း။ 

ရိုးရာယဉ်ကျေးမှုဆိုသည်မှာ အလွန်နူးညံ့သိမ်မွေ့ပြီး စွမ်းအားရှိသည့် Soft Power ဖြစ်သည့် အတွက် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်ရန် တန်ဖိုးထား လေးစားဂုဏ်ယူပြီး ထာဝရ တည်တံ့အောင် ကာကွယ် စောင့်ရှောက်သွားမည်ဆိုသည့် ခိုင်မာသည့် မျိုးချစ်စိတ် ဓာတ်များလိုအပ်ပါကြောင်း၊ တန်ဖိုးမဖြတ်နိုင်သည့် နိုင်ငံ၏ယဉ်ကျေးမှုအမွေ အနှစ်များကို နောင်လာ နောက်သား မျိုးဆက်သစ် သားစဉ်မြေးဆက်အထိ လက်ဆင့်ကမ်းသယ်ဆောင် ပေးနိုင်စွမ်းရှိကြသူ များသည် အနုပညာရှင်များ ဖြစ်ကြပါကြောင်း၊ ထို့ကြောင့် ပြည်သူလူထုကို ဖျော်ဖြေသည့်နေရာတွင်  မြန်မာ့ရိုးရာ ဓလေ့ထုံးစံနှင့် အမျိုးသားရေးစရိုက်လက္ခဏာများကိုထိန်းသိမ်းပြီး နိုင်ငံ၏ ရေစီးကြောင်းပေါ် ပါလာအောင်ဆောင်ရွက်ခဲ့ကြသူများ ဖြစ်သည့်အတွက် နိုင်ငံတော်၏ ဒီမိုကရေစီလျှောက်လှမ်းမှုတွင် အနုပညာရှင်များအနေဖြင့် အမျိုးသားရေးစိတ်ဓာတ်နှင့် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားလိုပါကြောင်း။

ခရီးသွားကဏ္ဍနှင့် ပတ်သက်ပါက ကမ္ဘာ့နိုင်ငံများတွင် ခရီးသွားလုပ်ငန်းကို မီးခိုးမထွက်သည့် စက်ရုံများအဖြစ်တင်စားပြီး အဓိကအားထား လုပ်ဆောင်နေကြပါကြောင်း၊ မိမိတို့ နိုင်ငံတွင် ငပလီ၊ ချောင်းသာ၊ ငွေဆောင်တို့ကဲ့သို့သာယာလှပသည့် ပင်လယ်ကမ်းခြေများ၊ အင်းတော်ကြီး၊ အင်းလေး၊ ကျိုက်ထီးရိုး၊ ဇွဲကပင်တို့ကဲ့သို့ သဘာဝ အင်းအိုင်တောတောင် ရှုခင်းအလှများ၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေများဖြစ်သည့် သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း၊ ပုဂံတို့ကဲ့သို့ အမျိုးသားအမွေအနှစ်နေရာများ၊ မြန်မာနိုင်ငံကို Golden Land ဟု တင်စားလောက်စေသည့် ဗုဒ္ဓဘာသာ၏အထင်ကရ ရှေးဟောင်းဘုရား စေတီများ၊ ပထမဆုံး လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မြန်မာတို့၏ အတာသင်္ကြန်ပွဲတော် စသည်တို့သည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရန်အတွက် ရေခံမြေခံကောင်းများဖြစ်ကြပါကြောင်း၊ အဆိုပါအရင်းအမြစ်များကို အကျိုးရှိရှိ အသုံးချပြီး သဘာဝနှင့် ယဉ်ကျေးမှု အခြေခံ ခရီးသွားလုပ်ငန်းများကို အကောင်းဆုံး ဖော်ဆောင်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပါ ကြောင်း။

နိုင်ငံတော်၏ တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတွင် တရားဥပဒေစိုးမိုးရေးသည် အခြေခံအကျဆုံးပဓာနကျသည့် အုတ်မြစ်ဖြစ်သည့်အတွက် ဥပဒေအသိပညာ လူတိုင်းသိရှိနားလည်စေရန် မိမိကိုယ်တိုင် အစိုးရအဖွဲ့ကိုလမ်းညွှန်ချက်ပေးပြီး ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှစ၍ အခြေခံပညာအထက်တန်းအဆင့်တွင် ဥပဒေပညာကို သင်ကြားပေးစေခဲ့သည့်အတွက် ဥပဒေပညာအခြေခံကို သိရှိနားလည်ပြီးဖြစ်သည့် အထက်တန်းကျောင်းသူ/ ကျောင်းသားပေါင်း ၈ သိန်းခန့်ရှိနေပြီ ဖြစ်ပါကြောင်း၊ အထူးသဖြင့် နယ်မြေဒေသအလိုက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့်အွန်လိုင်းလိမ်လည်လောင်းကစားမှု(Online Scams)တိုက်ဖျက်ရေးလုပ်ငန်းများကို ဖိဖိစီးစီး ကိုင်တွယ်ဖြေရှင်းရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးကိုထိခိုက်စေသည့် အဂတိလိုက်စားမှုများကင်းရှင်းစေရန် အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့်အုပ်ချုပ်ရေးအဖွဲ့အစည်းများအားလုံး စိတ်ထားမှန်ကန်စွာလုပ်ဆောင်ကြရန်လည်း အထူးလိုအပ်ပါကြောင်း။

ထို့အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးသည်လည်း နိုင်ငံတော်တည်ဆောက်ရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ဦးစားပေး လုပ်ငန်းရပ်တစ်ခုဖြစ်ပါကြောင်း၊ ယခင်ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလအတွင်း တာဝန်ရှိသူများ၏ မဆင်မခြင်ဆောင်ရွက်မှုများနှင့် အဂတိ လိုက်စားမှုများကြောင့် နိုင်ငံတော်အနေဖြင့် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၃ သန်းနှင့် မြန်မာငွေကျပ် ၂၂၆ ဒသမ ၁ ဘီလီယံကျော် နစ်နာဆုံးရှုံးခဲ့ရပါကြောင်း၊ “သန့်ရှင်းသည့် အစိုးရ၊ ကောင်းမွန်သည့် အုပ်ချုပ်မှု” ဖြစ်စေရေးကို အဓိကရည်မှန်းချက်အဖြစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်များသာမက ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့နေရသည့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အစည်းများကပါ အဂတိကင်းရှင်းစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။          

Online လိမ်လည်မှု၊ Online လောင်းကစားမှုများသည် လူများစုအပေါ်ကျူးလွန်သည့် ကြီးလေးသည့်ရာဇဝတ်မှုများအဖြစ် မိမိတို့ အစိုးရက သတ်မှတ်ထားပါကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအနေဖြင့် လုံးဝလက်ခံခွင့်လွှတ်မည်မဟုတ်ဘဲ ပြင်းပြင်းထန်ထန် နှိမ်နင်းချေမှုန်းလျက်ရှိပါကြောင်း၊ ယင်းသို့နှိမ်နင်းခဲ့ရာတွင် ပြစ်မှုကျူးလွန်သူများ၏ ၉၉ ရာခိုင်နှုန်းသည် ပြည်ပနိုင်ငံသားများဖြစ်ပြီး အိမ်နီးချင်းနိုင်ငံ များကတစ်ဆင့် မိမိတို့နိုင်ငံထဲကို တရားမဝင်ဝင်ရောက် လုပ်ကိုင်ကြခြင်းဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ထိုအရာကို မြန်မာနိုင်ငံကသာ တာဝန်ရှိသည့်ပုံစံမျိုး ပြည်ပမီဒီယာများက ကမ္ဘာ့သတင်းများတွင် ပုံဖော်တင်ပြနေကြခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် အွန်လိုင်းလောင်းကစားမှု အကြောင်းပြုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အရှေ့မြောက်ဒေသတွင်ပြဿနာဖြစ်ပွားခဲ့ရကာ တိုင်းပြည်အနေဖြင့်လည်းများစွာပေးဆပ်ခဲ့ရပါကြောင်း၊ နိုင်ငံတော်ကို မူလအခြေအနေအတိုင်း ဖြစ်စေရေးအတွက် နည်းလမ်းမျိုးစုံနှင့်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပြီး တရုတ်နှင့်ထိုင်းနိုင်ငံအပါအဝင် မိတ်ဆွေနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။ မိမိတို့အစိုးရအနေဖြင့် လူသားမျိုးနွယ်ကို လူညွန့်တုံးစေနိုင်သည့် မူးယစ်ဆေးဝါးကို အမျိုးသားရေးအန္တရာယ်အဖြစ်သတ်မှတ်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး ထုတ်လုပ်မှုနှင့်တရားမဝင် ရောင်းဝယ်မှုတားဆီးကာကွယ် နှိမ်နင်းရေး လုပ်ငန်းများကို အင်တိုက် အားတိုက်နှင့် ဖိဖိစီးစီးစဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း။ EAOs အမည်ခံလက်နက်ကိုင်အချို့အတွက် အဓိကဝင်ငွေရသည့် လုပ်ငန်းသည် မူးယစ်ဆေးဝါး လုပ်ငန်းဖြစ်ပြီး လုံးဝလက်မလွှတ်နိုင်သည့် အဓိကစီးပွားရေးလုပ်ငန်းဖြစ်သည့်အတွက် အခုချိန်အထိ ဆက်လက်ထုတ်လုပ်ရောင်းချနေသေးသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့အနေဖြင့်ထိရောက်စွာ သတင်းဖော်ထုတ်ပြီး နှိမ်နင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။       

နိဂုံးချုပ်အနေဖြင့် ပြောကြားလိုသည်မှာ ယနေ့ မိမိတို့အစိုးရတာဝန်ယူခဲ့သည့် ရက်ပေါင်း (၁၀၀) ကာလသည် နိုင်ငံတော်၏ အနာဂတ်အတွက် ခိုင်မာသည့်အခြေခံအုတ်မြစ်များကို စတင်ချမှတ်နိုင်ခဲ့သည့် သမိုင်းဝင်ကာလတစ်ခုဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် “တိုင်းပြည် တည်ငြိမ်အေးချမ်းမှုရရှိရေး”နှင့် “နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုရရှိရေး”ဆိုသည့် ဦးစားပေးရည်မှန်းချက် နှစ်ရပ်ကို လက်ကိုင်ထားပြီးကဏ္ဍစုံတွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။

မိမိတို့ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများသည် မည်မျှပင်ကြီးမားနေပါစေ “ပြည့်အင်အားသည် ပြည်တွင်းမှာ သာရှိသည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း ပြည်သူနှင့် အစိုးရသည် မဆုတ်မနစ်သည့် ဇွဲလုံ့လများနှင့်လက်တွဲညီညီ ဆောင်ရွက်မည်ဆိုပါက ယင်းအခက်အခဲ များကို အခွင့်အလမ်း အဖြစ် ပြောင်းလဲပုံဖော်နိုင်မည်ဖြစ်သည်ကို မိမိကောင်းစွာယုံကြည်ပါကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စု နိုင်ငံတော်သစ်ကို တည်ဆောက်သွားမည်ဖြစ်ပြီး အတွေးအခေါ် နောက်ကျမကျန်ရစ်ခဲ့စေရန် မိမိအနေနှင့် တိုက်တွန်းလိုပါကြောင်း၊ နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် မိမိအနေဖြင့် ၂ နှစ် အချိန်ယူမည်ဖြစ်ပါကြောင်း၊ အရှိန်အဟုန်ဖြင့် တည်ဆောက်မှုကို ၃ နှစ်အချိန်ယူဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးကလည်း မိမိတို့နှင့်အတူ ကဏ္ဍအသီးသီးမှ တက်ကြွစွာပါဝင်ကူညီပေးကြရန် အလေးအနက်တိုက်တွန်းပါကြောင်း”ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခန်းမမှ ပြန်လည် ထွက်ခွာပြီး  သတင်းမီဒီယာများ၏မေးမြန်းမှုများကို ပြန်လည် ဖြေကြားသည်။ ယင်းနောက် ပြည်ထောင်စု လွှတ်တော်နာယက က နိုင်ငံတော်သမ္မတ ပြောကြားခဲ့သည့်  နိုင်ငံတော်အစိုးရ၏ရက်(၁၀၀)ပြည့် နိုင်ငံတော် အခြေပြမိန့်ခွန်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူမှတ်တမ်းတင်သည်။

အစည်းအဝေးအပြီးတွင် တတိယအကြိမ် လွှတ်တော်များ၏ ဒုတိယပုံမှန်အစည်း အဝေးများ အောင်မြင်စွာပြီးမြောက်ခြင်း ဂုဏ်ပြုနေ့လယ်စာစားပွဲကို လွှတ်တော်အဆောက်အအုံထမင်းစားခန်းမဆောင်ကြီး၌ကျင်းပရာ  နိုင်ငံတော်သမ္မတနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများသည် ဂုဏ်ပြုနေ့ လယ်စာကိုအတူတကွသုံးဆောင်ကြသည်။

ဂုဏ်ပြုနေ့လယ်စာ မသုံးဆောင်မီနှင့်သုံးဆောင်နေစဉ်အတွင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ဟိုတယ်၊ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနနှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးတို့မှ  အနုပညာရှင်များက  တေးသံသာများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြသည်။ ဂုဏ်ပြုနေ့လည်စာအပြီးတွင် နိုင်ငံတော်သမ္မတက အခမ်းအနားတက်ရောက်ကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *