ဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့)တွင် နေပြည်တော်၌ ကောင်းမှုကုသိုလ်ပြုကြသူများဖြင့်စည်ကား

PSA

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော် နေ့)သည် ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားသည့် နေ့တစ်နေ့ဖြစ်သည်နှင့်အညီ နိုင်ငံတစ်ဝန်းရှိ ဘုရား၊ စေတီ၊ ပုထိုးများအား ဖူးမြော်ကြည်ညို ခြင်း၊ တရားဘာဝနာပွားများအားထုတ်ခြင်း၊ ရပ်ကွက်၊ လမ်းများရှိ ဓမ္မာရုံများ၌ ဓမ္မစကြာတရားများကို ရွတ်ဖတ် ပူဇော်ခြင်း၊ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများ ကပ်လှူပူဇော်ခြင်းတို့ဖြင့် စည်ကားလျက်ရှိသည်။

နေပြည်တော်ရှိ တန်ခိုးကြီးဘုရား စေတီပုထိုးများ၌လည်း ဒေသခံပြည်သူများ သာမက အနယ်နယ်အရပ်ရပ်မှလာရောက် ဖူးမြော်ကြည်ညိုကြသည့် ရဟန်းရှင်လူ ပြည်သူ များဖြင့် စည်ကားခဲ့ပြီး ဘာသာရေး၊ လူမှုရေးဝတ်အသင်းအဖွဲ့များက ဓမ္မစကြာ တရားတော်ကိုရွတ်ဆို ပူဇော် ခြင်း၊ သီလဆောက်တည်ခြင်း၊ စတုဒိသာကျွေးမွေး ခြင်းတို့ဖြင့် ဝါဆိုလပြည့်အခါသမယတွင် ကုသိုလ်ကောင်းမှု ပြုကြသည်။

ထို့အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ကြည်ညိုသဒ္ဓါပွားများစွာ လာရောက် ဖူးမြော် ကြ သည့် ဘုရားဖူးလာပြည်သူများ ဖြင့် အထူးစည်ကားခဲ့သည်။အလားတူ နေပြည်တော်ရှိ အခြားဘုရား၊ စေတီ၊ ပုထိုး များ၊ ဘုန်းကြီးကျောင်းများ နှင့် ဓမ္မရိပ်သာများတွင် မိသားစုလိုက်၊ အစုအဖွဲ့လိုက် ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ ဝါဆို ပန်းများကပ်လှူခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ တရားဘာဝနာပွားများခြင်း တို့ဖြင့် အေးချမ်းစွာ ကုသိုလ် ပြုကြသည်။

ဝါဆိုလပြည့်နေ့သည် အများ ပြည်သူရုံးပိတ်ရက်လည်းဖြစ်သည့်အတွက် နေပြည်တော်အတွင်းရှိ အထင်ကရအပန်းဖြေအနားယူရာနေရာများတွင် လွတ်လပ်ပေါ့ပါးပျော်ရွှင်စွာ မိသားစုအလိုက်၊ အစုအဖွဲ့ အလိုက် အနားယူအပန်းဖြေကြသည့် ပြည်သူများကို တွေ့ရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *