ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ ဒီဇယ်စက်ခေါင်းရုံ(မလွှကုန်း)သို့ သွားရောက်ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်တာဝန်ရှိသူများလိုက်ပါ၍ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ ဒီဇယ်စက်ခေါင်းရုံ(မလွှကုန်း)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ စက်ရုံအစည်းအဝေးခန်းမတွင် နိုင်ငံတော်သမ္မတအား ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး က ဒီဇယ်စက်ခေါင်းရုံ(မလွှကုန်း)၏ နောက်ခံသမိုင်းအကျဉ်း၊ ရည်မှန်းချက်နှင့်လုပ်ငန်းတာဝန်များ၊ ဝန်ထမ်းများခန့်အပ်ထားရှိမှု၊ နိုင်ငံတော်အကြီးအကဲရောက်ရှိစစ်ဆေးစဉ်လမ်းညွှန်မှာကြားချက်များအားဆောင်ရွက်ပြီးစီးမှု၊ မီးရထားလမ်းများကြံ့ခိုင်မှုရှိစေရေး ဆောင်ရွက်ထားရှိမှု၊ ကုန်တွဲများတည်ဆောက်လျက်ရှိမှု၊ နိုင်ငံတကာအဆင့်မီ မီးရထားပို့ဆောင်မှုစနစ်ဖြစ်စေရေး မီးရထားဝန်ထမ်းများ အရည်အသွေးပြည့်ဝစေရန် ပြည်ပနိုင်ငံများသို့ ဘာသာရပ်များအလိုက် လေ့လာရေးခရီးများစေလွှတ်ပေးလျက်ရှိမှု၊ လျှပ်စစ်ဓာတ်အားအသုံးပြု မီးရထားစက်ခေါင်းများထုတ်လုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ BEL စက်ခေါင်းများထုတ်လုပ်၍ ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် ကုန်ရထား ၃ စီး၊ ရန်ကုန်မြို့ပတ်လမ်းတွင် လူစီးရထား ၃ စီးပြေးဆွဲဆောင်ရွက်လျက်ရှိမှု၊ RBE မှ BEMU ပြောင်းလဲခြင်းများ ဆောင်ရွက်၍ ပဲခူး-တောင်ငူနှင့် တောင်ငူ-နေပြည်တော် လမ်းပိုင်းတို့တွင် ပြေးဆွဲလျက်ရှိမှု၊ ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် လျှပ်စစ်ရထားပြေးဆွဲနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားရရှိနိုင်ရေးနှင့် အချက်ပြလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ခရီးသည်များ လိုက်ပါစီးနင်းမှုအပေါ်မူတည်၍ လမ်းပိုင်းများအလိုက် ရထားခရီးစဉ်များ ပြေးဆွဲဆောင်ရွက်ပေးလျက်ရှိမှု၊ မီးရထားစက်ခေါင်းများ တွဲများကြံ့ခိုင်မှု ရှိစေရေး၊ စက်ရုံများ၊ ယာဒ်ဝင်းများအလိုက်သန့်ရှင်းသပ်ရပ်မှုရှိစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိမှု၊ လက်ရှိတာဝန်ယူပြေးဆွဲလျက်ရှိသည့် ရထားများ၏အခြေအနေ ၊ ဒီဇယ်စက်ခေါင်းများ၊ DEMU စက်ခေါင်းများပြေးဆွဲမှု၊ ရပ်နားမှုနှင့် မွမ်းမံပြုပြင်မှု အခြေအနေ၊ ချို့ယွင်းချက်များအပေါ် စိစစ်သုံးသပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ပြည်တွင်း၌အရည်အသွေးပိုမို ကောင်းမွန်သည့် မီးရထားစက်ခေါင်းများအားထုတ်လုပ်အသုံးပြုနိုင်ရေး အမြဲသုတေသနပြုဆောင်ရွက်နေရန်လိုကြောင်း၊ စက်ပစ္စည်းများကိုထုတ်လုပ်ရာတွင် လက်ရာသေသပ်ကောင်းမွန်ပြီး ကြံ့ခိုင်မှုရှိစေရေးဆောင်ရွက်သွားရန်လိုကြောင်း၊ မီးရထားဝန်ထမ်းများအဆင့်မီမီနေထိုင်နိုင်ရေး ဝန်ထမ်းလိုင်းခန်းများအား စနစ်တကျဆောက်လုပ်ပေးသွားရန်လိုကြောင်း၊ တည် ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးနှစ်အလိုက် သတ်မှတ်ထားသည့်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေနွေးငွေ့စက်ခေါင်းများအား မူလပုံစံမပျက်ပြန်လည်ပြင်ဆင်ထိန်းသိမ်း၍ ပြေးဆွဲပေးနိုင်ရေးဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားလမ်း များကြံ့ခိုင်ကောင်းမွန်စေရေးအတွက် လမ်းခင်းကျောက်များ ပြည့်မီအောင်ထည့်သွင်းဆောင်ရွက်ရန်နှင့် ဇလီဖားတုံးများကိုလည်း စနစ်တကျထည့်သွင်းဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားပြေးဆွဲနိုင်ခြင်းမရှိသေးသည့် ရထားလမ်းများကိုလည်း ရထားများပြန်လည်ပြေးဆွဲမည်ဆိုပါက အဆင်သင့်ဖြစ်နေစေရေးပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန်လို‌ကြောင်း၊ ရထားစက်ခေါင်းများအား သတ်မှတ်ထားသည့် မောင်းနှင်ချိန်များအလိုက် စစ်ဆေးပြုပြင်ထိန်းသိမ်း ဆောင်ရွက်နေရန်လိုကြောင်း၊ ရထားပို့ဆောင်ရေးသည် လူအများအပြားအသုံးပြုကြသည်ဖြစ်သဖြင့် ထွက်ခွာချိန်၊ ဆိုက်ရောက်ချိန်များ တိကျမှန်ကန်မှုရှိစေရေး စနစ်တကျဆောင်ရွက်သွားကြရန်လိုကြောင်း၊ လူစီးရထားတွဲများအား အမြဲသန့်ရှင်းသပ်ရပ်မှုရှိနေစေရေးနှင့် ခရီးသည်များ စည်းကမ်းရှိရှိစီးနင်းလိုက်ပါနိုင်ရေး၊ အဆင့်မီမီသက်တောင့်သက်သာစီးနင်းအသုံးပြုနိုင်ရေး ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း ဖြည့်စွက်မှာကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတက ရထားပို့ဆောင်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးဆွေးနွေးမှာကြားရာတွင် မိမိတို့နိုင်ငံအနေဖြင့် လက်ရှိအခြေအနေအရ လျှပ်စစ်ဓာတ်အားလုံလောက်စွာ သုံးစွဲနိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိနေသဖြင့် ရထားပို့ဆောင်ရေးအား အချို့လမ်းကြောင်းများတွင် ဘတ္ထရီစနစ်သုံးရထားခေါင်းတွဲများကို ပြည်တွင်း၌ထုတ်လုပ်တပ်ဆင်ကာအသုံးပြုနိုင်ရေး အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ အသွားအလာများပြားသည့် ရထားလမ်းကူးနေရာများ၌ ရထားလမ်းကုန်းကျော်တံတားများ မဖြစ်မနေတည်ဆောက်သွားရန်နှင့် ရန်ကုန်မြို့တွင် မြေ အောက်ရထားလမ်းထည့်သွင်းတည်ဆောက်သွားနိုင်ရေးပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း၊ ရထားလမ်းများဖောက်လုပ်ခြင်း၊ ရထားတွဲများတည် ဆောက်ခြင်းနှင့်ရထားပို့ဆောင်ရေးဆိုင်ရာအခြေခံအဆောက်အဦများဆောင်ရွက်ရာတွင် နောင်ဖြစ်လာမည့်နည်းပညာပိုင်းအရလိုအပ်ချက်များကို ကြိုတင်စဉ်းစားလျာထားတွက် ချက်ဆောင်ရွက်သွားရန်လိုကြောင်း၊ နောင်အနာဂတ်ကာလတွင် လျှပ်စစ်ဓာတ်အားအသုံးပြု၍ ရထားတွဲများပြေးဆွဲနိုင်ရေးအတွက်လည်းကြိုတင်လျာထား ဆောင်ရွက်သွားရန်လိုကြောင်း၊ DEMU ရထားတွဲများကိုလည်း ပြည်တွင်း၌ မိမိတို့ကိုယ်ပိုင်ဒီဇိုင်းဖြင့် တိုးချဲ့တပ်ဆင်ထုတ်လုပ်နိုင်ရေးဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်ပမှရထားတွဲတည်ဆောက်မှုနည်းပညာများကို စဉ်ဆက်မပြတ်လေ့လာပြီး မိမိတို့နိုင်ငံ၏ရထားတွဲတည်ဆောက်မှုများ ပိုမိုတိုးတက်လာစေရေးဆောင်ရွက်သွားရန်လိုကြောင်း၊ မီးရထားလမ်းကူးတံတားများ ကောင်းမွန်စေရေးအတွက်လည်း ပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် ဒီဇယ်စက်ခေါင်းရုံ(မလွှကုန်း)အတွင်း ပုံမှန်စစ်ဆေးထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်ထားရှိသည့် DEMU ရထားတွဲဆိုင်းများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ်လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *