နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက် ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်း များအတွင်း ရောက်ရှိနေသူများအား ဥပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော် ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာသည့် PDF အမည်ခံ အဖွဲ့ဝင် အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၂၃ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင် အတွင်းသို့ ထပ်မံဝင်ရောက်လာကြရာ ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပွဲကို ယနေ့ညနေပိုင်းတွင် ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်ရှိ တိုင်းရန်အောင် ခန်းမ၌ပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများ၊ ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ ကြသော PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက နယ်မြေ ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ ပုဒ်မများနှင့်ပတ်သက်၍ အမှာစကားများ ပြောကြားကြသည်။ ထို့နောက် ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများ က ၎င်းတို့နှင့်အတူပါရှိလာသည့် M-16 သေနတ် ၂ လက်၊ ကိုးလုံးကျည်လက်လုပ် ပြောင်းချောသေနတ် ၆ လက်၊ MG-1 လက် ပစ်ဗုံး ၂ လုံး၊ စကားပြောစက် ၁ လုံး၊ ကျည် အိမ် ၃ ခု နှင့် ကျည်မျိုးစုံ ၁၉၆ တောင့် တို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် တိုင်းမှူးတို့က လက်ခံရယူသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တိုင်းမှူးတို့က လက်နက်၊ ခဲယမ်းများ နှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက် လာသူများအား မောင်းပြန်ရိုင်ဖယ် ၂ လက် အတွက် ဆုကြေးငွေကျပ် သိန်း ၁၀၀၊ လက်လုပ်ပြောင်းချောသေနတ် ၆ လက် အတွက် သိန်း ၃၀၊ လက်ပစ်ဗုံး ၂ လုံးအတွက် ဆုကြေးငွေကျပ် ၆ သိန်း၊ စကားပြောစက် ၁ လုံးအတွက် ဆုကြေးငွေကျပ် ၂ သိန်းနှင့် အလင်းဝင်ရောက်လာသူ ၂၃ ဦးအား တစ်ဦးလျှင် ဆုကြေးငွေကျပ် ၁၀ သိန်းနှုန်း ဖြင့် သိန်း ၂၃၀ ကျပ်၊ စုစုပေါင်း ငွေကျပ် ၃၆၈ သိန်းအား ပေးအပ်ကာ ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်း သူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးရာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ ကိုယ်စား ဥပဒေဘောင်အတွင်းဝင်ရောက် လာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထိုသို့ ဥပဒေဘောင်အတွင်း လက်နက်/ ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက် လာကြသူများမှာ မြိတ်မြို့မှ အမျိုးသား ၈ ဦး၊ ထားဝယ်မြို့မှ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၁ ဦး၊ တနင်္သာရီမြို့မှ အမျိုးသား ၄ ဦး၊ ပုလောမြို့မှ အမျိုးသား ၁ ဦး၊ ပလောက်မြို့မှ ၁ ဦး၊ ရှမ်းပြည်နယ်(မြောက် ပိုင်း)၊ လားရှိုးမြို့မှ အမျိုးသား ၁ ဦး စုစုပေါင်း ၂၃ ဦးဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့်အကျပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏အကျိုး စီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ် မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ် များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက်အဆင့် အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏တိုက်စစ်ကိုခုခံနိုင် တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာ ခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ် ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့်ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ် ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာသူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ကြားသိရပါသည်-

“၂၀၂၄ ခုနှစ် ၄ လပိုင်း ၁ ရက်နေ့မှာ သူငယ်ချင်းက ခေါ်လို့ ရောက်သွားခဲ့တယ်။ စခန်းမှာ သစ်ခုတ်၊ ဝါးခုတ်၊ မြေကျင်းတူးတာတွေ နေ့တိုင်း ပင်ပင်ပန်းပန်းလုပ်ခဲ့ရပါတယ်။ စခန်းမှာ ခေါင်းဆောင်အကြီးပိုင်းတွေက ကြီးနိုင်ငယ်ညှဉ်းလုပ်ကြတယ်။ အစားအသောက်တွေဆို သူတို့ကကောင်းကောင်းစားပြီး ကျွန်တော်တို့ကို ပဲဟင်း၊ ငါးခြောက်နဲ့ပဲ ကျွေးတာပါ။ အသက်အန္တရာယ်များတဲ့အလုပ်ဆို ကျွန်တော်တို့ကပဲ လုပ်ရတယ်။ လမ်းမှာ ဂိတ်ဖွင့်ပြီး ပိုက်ဆံကောက်တယ်။ ရွာတွေကို တစ်လ တစ်ခါဆက်ကြေးကောက်ကြတယ်။ ရလာတဲ့ ပိုက်ဆံသိန်း ၂၀၀၀ လောက်ကို သိန်း ၃၀၀ လောက်ပဲစာရင်းတင်ပြီးတော့ ကျန်တဲ့ ပိုက်ဆံကို သူတို့ထိုင်းမှာ အိမ်တွေ ခြံတွေ မြေတွေ ကားတွေဝယ်ပြီးတော့ နေထိုင်ကြတယ်။ စခန်းမှာကျန်ခဲ့တဲ့ ကျွန်တော်တို့က ငတ်ပြတ်ပြီးနေရတယ်။ ကျွန်တော်တို့က တော်လှန်ရေးအတွက် ဝင်လာတာဆိုပေမယ့် ထင်ထားတာနဲ့ တခြားစီဖြစ်နေတယ်။ ပြည်သူတွေကို ဒုက္ခပေးတယ်လို့ ပြောရင်လည်း ကျွန်တော်တို့ကို ဆူပူကြိမ်းမောင်းတယ်။ အချုပ်ချတယ်။ တပ်မတော်ထံ အလင်းဝင်တဲ့အခါမှာဆိုရင်လည်း တာဝန်ရှိတဲ့လူကြီးတွေက ကျွန်တော်တို့ကို နွေးနွေးထွေးထွေးကြိုဆိုပြီး ကောင်းကောင်းမွန်မွန်နေထိုင်စားသောက်လို့ရအောင် စီစဉ်ပေးကြပါတယ်။ စိတ်အေးချမ်းသာစွာနဲ့ လွတ်လွတ်လပ်လပ်နေရပါတယ်။ တောထဲမှာ ကျန်ခဲ့တဲ့ ညီအစ်ကိုမောင်နှမတွေအားလုံးကိုလည်း အမှားကိုသိပြီး အမှန်ကိုပြင်ကာ တပ်မတော်ထံ အမြန်ဆုံးအလင်းဝင်ကြပါ”လို့ တိုက်တွန်းပြောကြားချင်ပါတယ်။
