နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ် စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို မိဝေး ဖဝေး၊ မိသားစုများနှင့် ဝေးကွာ၍ နေ့မအား၊ ညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက အောင်သပြေခက်များဖြင့် လည်းကောင်း၊ အိုးစည်၊ ဒိုးပတ်၊ အတီး အမှုတ်၊ အကအခုန်များဖြင့်လည်းကောင်း သောင်းသောင်း ဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
