ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုနိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံဆွေးနွေး

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် လာအိုပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံ   ဝန်ကြီးချုပ် ဆွန်ဆိုင် စီဖန်ဒွန်နှင့် ဝန်ကြီးချုပ်ရုံးအစည်း အဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

ဦးစွာ နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ သည်လာအိုဝန်ကြီးချုပ်ရုံးသို့ ရောက်ရှိကြရာ လာအိုနိုင်ငံဝန်ကြီးချုပ်နှင့်တာဝန်ရှိသူ များကရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြပြီး နိုင်ငံတော်သမ္မတနှင့် လာအိုနိုင်ငံဝန်ကြီး ချုပ်တို့သည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ 

ထို့နောက် အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးကြရာတွေ့ဆုံပွဲသို့  နိုင်ငံတော် သမ္မတနှင့်အတူ ခရီးစဉ်တွင်အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြသည့် ပြည်ထောင်စုဝန် ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံဝန်ကြီးချုပ်နှင့်အတူ  လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံအစိုးရအဖွဲ့ဝင်   ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ရှည်ကြာသည့် သံတမန်ဆက်ဆံမှုများရှိခဲ့ပြီး သံတမန်ဆက်ဆံရေး၊ စစ်ဘက်ဆက်ဆံရေး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ  ဆက်ဆံရေး စသည့် ဆက်ဆံရေး ၃ မျိုးရှိပြီး အာဆီယံအဖွဲ့အတွင်း၌ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့သည် CLMV အဖွဲ့၊ မဟာမဲခေါင်ဒေသခွဲအဖွဲ့၊ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာအဖွဲ့တို့တွင်လည်း အဖွဲ့ဝင်နိုင်ငံများဖြစ်ကြကာ မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းအကျိုးဖြစ်ထွန်းစေမည့်ကိစ္စရပ်များကို  နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ။

 မြန်မာ-လာအိုနှစ်နိုင်ငံသည် အိမ်နီး ချင်းကောင်းနိုင်ငံ၊ မိတ်ဆွေနိုင်ငံ၊ ညီအစ်ကို နိုင်ငံများဖြစ်မှုအခြေအနေများ၊ နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေး မြန်မာ-လာအို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်အစည်းအဝေးကျင်းပပြုလုပ်မည့်အခြေအနေများ၊ မြန်မာ-လာအိုချစ်ကြည်ရေးတံတားမှတစ်ဆင့် နယ်စပ်ဒေသကုန်သွယ်မှုများ    ဖွံ့ဖြိုးတိုးတက်ရေးနှင့်   နယ်စပ်ဖြတ်ကျော်ကုန်စည်ကူးသန်းရောင်းဝယ်ပို့ဆောင်ရေးကို  အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်မှုနှင့် ခရီးသွားကဏ္ဍ မြှင့်တင်နိုင်ရေး   ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်နှင့် လာအိုနိုင်ငံ၏မြို့တော် ဗီယင်ကျန်းမြို့တို့အကြား   ညီအစ်မ မြို့တော်ဆက်ဆံရေးထူထောင်သွားမည့်အခြေအနေများ၊  ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍနှင့်  အခြားကဏ္ဍပေါင်းစုံတွင်  ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မဲခေါင်မြစ်ကြောင်းတစ်လျှောက် ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများ။

 မြန်မာ- ထိုင်း-လာအို (၃) နိုင်ငံ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေ များ၊နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့်  လုံခြုံရေး၊  မူးယစ်ဆေးဝါးတားဆီးကာကွယ်နှိမ်နင်းရေးနှင့် အွန်လိုင်း ငွေကြေးလိမ်လည် လောင်းကစားမှုများ ပပျောက်စေရေး ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာ လျှောက်လှမ်းလျက်ရှိမှု၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိစေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတော်အစိုးရမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ လာအိုနိုင်ငံအစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ။

မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် ခင်မင်ရင်းနှီးပြီး စိတ်ချရသည့် အိမ်နီးချင်း မိတ်ဆွေကောင်းနိုင်ငံများ ဖြစ်သည့်အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် လာအိုဝန်ကြီးချုပ်ရုံးမှ ပြန်လည်ထွက်ခွာရာ လာအိုနိုင်ငံဝန်ကြီးချုပ်က ခင်မင်ရင်းနှီးစွာဖြင့် လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *