၂၀၂၇ AFC U-20 Asian Cup ခြေစစ်ပွဲ (အုပ်စု K) အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေသည့် မြန်မာ ယူ-၂၀ အမျိုးသားဘောလုံးအသင်းသည် ဟောင်ကောင် ယူ-၂၀ အမျိုးသားအသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ထုတ်ပြန်ထားသည်။
အဆိုပါ ခြေစမ်းပွဲများကို ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး ပထမပွဲစဉ်ကို ဇူလိုင် ၄ ရက် ညနေ ၄ နာရီတွင် လည်းကောင်း၊ ဒုတိယပွဲစဉ်ကို ဇူလိုင် ၇ ရက် ညနေ ၄ နာရီတွင် လည်းကောင်း ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
မြန်မာ ယူ-၂၀ အသင်းအနေဖြင့် ပြီးခဲ့သည့် အာဆီယံ ယူ-၁၉ ပြိုင်ပွဲအတွင်း တွေ့ရှိခဲ့သည့် အားနည်းချက်များကို ပြန်လည်ပြင်ဆင်ကာ ပိုမိုကောင်းမွန်သည့် အသင်းစွမ်းဆောင်ရည်တစ်ရပ် ရရှိလာစေရန် ရည်ရွယ်၍ ယခုကဲ့သို နိုင်ငံတကာ ခြေစမ်းပွဲများ စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ မြန်မာ ယူ-၂၀ အသင်းကို ၂၀၂၄ ခုနှစ်က ယှဉ်ပြိုင်ခဲ့သည့် မြန်မာ ယူ-၁၆ လက်ရွေးစင်အသင်းမှ ကစားသမားအများစုကို အခြေခံကာ ဖွဲ့စည်းထားခြင်းဖြစ်ပြီး ရေရှည်စီမံကိန်းအရ ကာလရှည် လေ့ကျင့်ရေးစခန်းများ ဖွင့်လှစ်ကာ စနစ်တကျ ပြုစုပျိုးထောင်ထားသည့် အသင်းတစ်သင်းလည်း ဖြစ်သည်။
ထိုအပြင် အဆိုပါအသင်းသည် ၂၀၂၅ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲတွင် Junior Lions FC အမည်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း နိုင်ငံတကာပြိုင်ပွဲများအတွက် အတွေ့အကြုံနှင့် ယှဉ်ပြိုင်မှုစွမ်းရည် မြှင့်တင်နိုင်ရန် ရည်ရွယ်၍ မြန်မာနေရှင်နယ်လိဂ်-၂ (MNL-2) ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သွားရန် စီစဉ်ထားကြောင်း သိရသည်။
AFC U-20 Asian Cup ခြေစစ်ပွဲများမတိုင်မီ ဟောင်ကောင် ယူ-၂၀ အသင်းနှင့် ယှဉ်ပြိုင်မည့် ယခုခြေစမ်းပွဲနှစ်ပွဲသည် မြန်မာ ယူ-၂၀ အသင်း၏ လက်ရှိပြင်ဆင်မှုအခြေအနေကို စမ်းသပ်အကဲဖြတ်နိုင်မည့် အရေးပါသော ပွဲစဉ်များဖြစ်လာမည်ဟု သုံးသပ်ရသည်။
