

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအားလုံးနှင့် ဆက်ဆံရာတွင် အားသာချက်၊ အားနည်းချက် မခွဲခြားဘဲ လွတ်လပ်၍ တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော်သမ္မတက နိုင်ငံအချင်းချင်း သံတမန်ဆက်ဆံရေးသည် သက်ဆိုင်ရာနိုင်ငံများအတွက် အရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ ခေါင်းဆောင်အချင်းချင်း ဆက်ဆံရေး၊ အစိုးရအချင်းချင်း ဆက်ဆံရေး၊ သံတမန်ရေးရာဆက်ဆံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် ကဏ္ဍပေါင်းစုံတွင် ဆက်စပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် မိမိတို့ ရွေးချယ်ကျင့်သုံးနေသည့် နိုင်ငံရေးစနစ်ကို ခိုင်မာစွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတကာဆက်ဆံရေးကဏ္ဍတွင် တိုးတက်မှုများ ရရှိလာခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ဆိုသည်။
