မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး မြန်မာ-ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်းမြှင့်တင်ရေး Roadshow၊ မဟာမဲခေါင်ဒေသခွဲ အစားအစာပြပွဲကျင်းပ

မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၆ နှင့် ဆက်စပ်အစည်းအဝေးများကို  မဟာမဲခေါင်ဒေသခွဲ  အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် “Tourism for People, Travel with Purpose”ဟူသော ဦးတည်ချက်ဖြင့် ဇွန်လ ၁၄ ရက်မှ ၁၉ ရက်အထိ ရန်ကုန်မြို့ Pan Pacific ဟိုတယ်၌ လက်ခံကျင်းပလျက်ရှိသည်။

ယနေ့မွန်းလွဲပိုင်းတွင်   ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမောင်မြင့်သည် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၆ သို့ တက်ရောက်လာသည့် ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. HUOT HAK အား အလုပ်သဘောနေ့လယ်စာဖြင့်   တည်ခင်းဧည့်ခံပြီး ဒေသတွင်းခရီးသွားလုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးသည်။

ထို့နောက် မြန်မာ – ကမ္ဘောဒီးယား နှစ်နိုင်ငံ    ခရီးသွားလုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာနဝန်ကြီးတို့ တက်ရောက်၍ အမှာစကားပြောကြားကြပြီး မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံ  ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU)ကို လက်မှတ်ရေးထိုးကြသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ကမ္ဘောဒီးယားနိုင်ငံ   ခရီးသွားလာရေး ဝန်ကြီးဌာန  ဝန်ကြီးတို့သည်   မြန်မာ-ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်းမြှင့်တင်ရေး Roadshow သို့ တက်ရောက်အမှာစကားပြောကြားကြပြီး  ကမ္ဘောဒီးယားနိုင်ငံ၏   ခရီးစဉ်ဒေသများအကြောင်း ရိုက်ကူးထားသည့် Visit Cambodia Video နှင့် မြန်မာနိုင်ငံ၏ အထင်ကရ ခရီးစဉ်ဒေသများအကြောင်း ရိုက်ကူးထားသည့် Myanmar Beauty Video တို့ကိုပြသကာ ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့မှ  တာဝန်ရှိသူများက  ကမ္ဘောဒီးယားနိုင်ငံ  ခရီးသွားလုပ်ငန်းအခြေအနေများကိုလည်းကောင်း၊   မြန်မာနိုင်ငံ    ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများက မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအခြေအနေ များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ကမ္ဘောဒီးယားနိုင်ငံ   ခရီးသွားလာရေးဝန်ကြီးဌာနဝန်ကြီးတို့သည် ဇွန်လ   ၁၅ ရက်မှ  ၁၇  ရက်အထိ Pan Pacific ဟိုတယ်၌ကျင်းပလျက်ရှိသည့် မဟာမဲခေါင်ဒေသခွဲအစားအစာပြပွဲကို    လှည့်လည်ကြည့်ရှုအားပေးသည်။

ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၆ နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက် လာကြသည့်   ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး၊ မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ခရီးသွား လုပ်ငန်းအာဏာပိုင်   အဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို ရန်ကုန်မြို့ Lotte Hotel ၌  ကြိုဆိုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပြီး ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း      သိရသည်။     

Leave a Reply

Your email address will not be published. Required fields are marked *