PNLO၊ DPLA ၊ KNDF နှင့် PDF အဖွဲ့ဝင် ၄ဝ ဦး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာသဖြင့် တောင်ကြီးမြို့အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမတွင် ဇွန် ၈ ရက်တွင် မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
အဆိုပါ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့သည့် ၄၀ ဦးမှာPNLO အဖွဲ့ဝင် ခုနစ်ဦး၊ ဖယ်ခုံ PDF ခုနစ် ဦး၊ မိုးဗြဲ PDF နှစ်ဦး၊ DPLA ၁၂ ဦး၊ KNDF ခုနစ်ဦး၊ ရှမ်း(တောင်) PDF တစ်ဦး၊ ကျောက်ဆည် PDF လေးဦး၊ ဖြစ်ပြီး ၎င်းတို့နှင့်အတူ M-16 လေး လက်၊ M-22 တစ်လက်၊ စုစုပေါင်း ၅ လက်၊ လက်လုပ်စိန်ပြောင်းတစ်လက်၊ ကျည်အိမ်မျိုးစုံသုံးခု၊ ကျည်မျိုးစုံ ၁၆၁ တောင့်တို့ပါရှိကြောင်း သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် ပင်းတယမြို့နယ်မှ အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး နှစ်ဦး၊ ကလောမြို့နယ်မှ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး၊ ရပ်စောက်မြို့နယ်မှ အမျိုးသမီးတစ်ဦး ၊ ဖယ်ခုံမြို့နယ်မှ အမျိုးသားရှစ်ဦး၊ လွိုင်ကော်မြို့နယ်မှ အမျိုးသားငါးဦး၊ မောက်မယ်မြို့နယ်မှ အမျိုးသားသုံးဦး၊ ဆီဆိုင်မြို့နယ်မှ အမျိုးသားငါးဦး၊ ကျောက်ဆည်မြို့နယ်မှ အမျိုးသားလေးဦး၊ ဒီးမော့ဆိုမြို့နယ်မှ အမျိုးသားတစ်ဦး၊ ၊ ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသားတစ်ဦး၊ မန္တလေးတိုင်းဒေသကြီးမှ အမျိုးသားတစ်ဦး၊ စုစုပေါင်းအမျိုးသား ၃၆ ဦး၊ အမျိုးသမီးလေးဦးတို့ကို ပြန်လည် ကြိုဆိုလက်ခံခြင်းနှင့် ဆုကြေးငွေ ထောက်ပံ့ခြင်း အခမ်းအနားတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ပအိုဝ်း/ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘ အုပ်ထိန်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြခဲ့ကြောင်း သိရသည်။
